ဆရာမ ဂျူးရဲ့ သေမင်းကို ရွေးချယ်ခွင့်ရှိရင်ဆိုတဲ့ စာလေးကိုဖတ်ပြီး .. ငါရော ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေချင်လဲ လို့ စဉ်းစားမိတယ် ... ။
အရင်ဆုံး ခေါင်းထဲဝင်လာတာတော့ ... မသေချင်သေးဘူး ... မစဉ်းစားချင်ဘူး သေမယ့်အကြောင်းတွေကို .... ။ ဘာလို့လဲဆိုတော့ ကျွန်မလုပ်စရာတွေ မျှော်မှန်းထားတာတွေ ဖြစ်ချင်တာတွေ အများကြီး အများကြီး ....။

ဖေဖေ နဲ့ မေမေကို ကျေးဇူးဆပ်ချင်သေးတယ် .... ။
ဖေဖေ နဲ့ မေမေကို ခုထက်ပိုမြင့်တဲ့ဘဝမှာထားချင်သေးတယ် ...။
ချစ်တဲ့ မမ နဲ့ ဟိုးအရင်အချိန်တွေလို ချစ်နေချင်သေးတယ် ...။
ချစ်တဲ့သူ မောင် နဲ့ လက်တွဲတွေခိုင်မြဲနေချင်သေးတယ် ...။
မောင် နဲ့ အတူမျှော်လင့်ထားတဲ့ ဘဝလေးထဲမှာ ကျေကျေနပ်နပ်နဲ့ ပျော်ရွှင်ချင်သေးတယ် ...။
မောင်ရယ် ဖေဖေရယ် မေမေရယ် နဲ့ အတူ လှပတဲ့ ပျော်ရွှင်စရာကောင်းတဲ့ လူတိုင်းအားကျရလောက်တဲ့ မိသားစုလေးဖြစ်အောင် ဖန်တီးချင်သေးတယ် ...။
ကျွန်မ မျှော်လင့်ထားတဲ့ professional ဘဝကို လိုချင်သေးတယ် ...။
ကျွန်မ မျှော်လင့်ထားတဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ချင်သေးတယ် ..။
ကျွန်မ မျှော်လင့်ထားတဲ့ ကျေးဇူးဆပ်ခွင့် အပြည့်အဝရတဲ့ သမီးကောင်းတယောက်ဖြစ်ချင်သေးတယ် ...။
ကျွန်မ မျှော်လင့်ထားတဲ့ အိမ်ရှင်မကောင်း ဇနီးကောင်းဘဝကို လိုချင်သေးတယ် ...။
ကျွန်မ မျှော်လင့်ထားတဲ့ မိခင်ကောင်းတယောက်ဖြစ်ချင်သေးတယ် ...။
ကျွန်မ မျှော်လင့်ထားတဲ့ စာရေးဆရာမ တယောက် ဖြစ်ချင်သေးတယ် ...။

ကျွန်မ ဖြစ်ချင်တာတွေအများကြီးကျန်သေးတာပဲ .... ။
ခုထိလည်း တခုမှ အကောင်ထည် မဖော်နိုင်သေးဘူးလေ .... ။ ကျွန်မ ဘယ်လိုမှ သေဖို့ကိုမတွေးရဲသေးဘူးလေ .... ။
ဒါပေမယ့် ... သေခြင်းတရားဆိုတာ ဘယ်ချိန်လာခဲ့မယ်လို့မှ ကြိုမပြောထားတတ်ပဲ ...။
ကြိုသိနိုင်ရင်ရော .. ကျွန်မ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပါ့မလား ...
သေချာတာတော့ ကြိုသိခွင့်ရခဲ့ရင်တောင် .. ကျွန်မ ရင်ဆိုင်နိုင်ဦးမှာမှမဟုတ်ပဲလေ .... ။ သူများတွေလို အသက်ရာကျော်ရှည်နိုင်ဖို့ မမျော်လင့်ပါဘူး .... ။ အိုနာပြီး ကိုယ့်ကောင်းကျိုးလည်းဘာမှမလုပ်နိုင် သူများကိုလည်း ဒုက္ခပေးသလိုဖြစ်နေမယ့် ဘဝကြီးနဲ့လည်း အသက်ကို ဆွဲဆန့်မထားချင်ဘူး ...။
ဒါပေမယ့် ကျွန်မမျှော်လင့်ချက် ကျွန်မ အတွေး တွေကိုတော့ အားလုံးပြီးမြောက်အောင်မြင်ချင်သေးတယ် ...။

ကျွန်မကို လောဘကြီးတယ်ပဲပြောပြော ... သေမင်းကိုတောင်းဆိုခွင့်ရမယ်ဆို ၂ ခုတောင်းဆိုပါရစေ .... ။

ကျွန်မ ရည်ရွယ်ချက် မျှော်လင့်ချက် တွေ ပြည့်စုံအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ သေမင်းကိုရင်ဆိုင်နိုင်တဲ့အချိန်မှ တွေ့ပါရစေ ... ။
ပြီးတော့ .... ညင်သာသိမ်မွေ့တဲ့ သေခြင်းမျိုးနဲ့သာ ရင်ဆိုင်ပါရစေ ....။
Saturday, June 19, 2010

ဖေဖေ့အတွက် ...


မနက်ဖြန် နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဖေဖေနေ့တဲ့ ...
ဘယ်သူ စ သတ်မှတ်လဲ .. ကျွန်မ မသိဘူး။။
ဘယ်နိုင်ငံ က စ သတ်မှတ်လဲ... ကျွန်မ မသိဘူး ..။
ဘယ်သူတွေလက်ခံ ကျင်းပအသိမှတ်ပြုနေလဲ ကျွန်မ မသိဘူး ... ။
အဲ့လိုပဲ ... ကျွန်မအတွက် ဖေဖေ့ကို ဖေဖေ အဖြစ် ဘယ်သူရွေးပေးခဲ့သလဲ ... ကျွန်မမသိခဲ့ဘူး ... ။

မနေ့က မေမေ့မွေးနေ့ရောက်တော့မှာမို့ မေမေ့ကို ဘာမွေးနေ့လက်ဆောင်ပေးရင် သင့်တော်မလဲလို့ အိမ်က အမ နဲ့တိုင်ပင်ကြည့်နေမိတယ် ... ။
မေမေ ဘာကြိုက်တတ်လဲ တွေးနေရင်း .. ဖေဖေ့ကို သတိရမိတယ် ... ။ မေမေ့ မွေးနေ့ တိုင်းလိုလို လက်ဆောင်တခုခု ပေးမိခဲ့ပေမယ် ... ဖေဖေ့ မွေးနေ့ကို အဝေးမှာရောက်နေရင် သတိတရ ဖုန်းဆက်ဖြစ်တာက လွဲလို့ တခါမှ လက်ဆောင်မပေးခဲ့ဖူးဘူး .... ။
ဖေဖေကလည်း လူတမျိုးလေ ...။ တကယ်ကိုယ်မွေးခဲ့တဲ့နေ့က ပြီးသွားပြီတဲ့ ... ။ တနှစ်တခါ မွေးနေ့ ပြန်ရောက်လာတယ်ဆိုတာ လူတွေရဲ့ သတ်မှတ်ချက်ပါတဲ့ ... ။ ငယ်တို့ မွေးနေ့ဖြစ်ဖြစ် ဖေဖေ့မွေးနေ့ဖြစ်ဖြစ် ပြောဖြစ်ရင် ဖေဖေ ပြန်ပြောလေ့ရှိတာက အဲ့တာ တနှစ်ပိုအိုလာတာတဲ့ ... သေဖို့တနှစ်ပိုနီးလာတာတဲ့ ...။
အဲ့လိုလူမျိုးမို့ ဖေဖေ့ကို မွေးနေ့လက်ဆောင်ပေးတာ ဖေဖေ မကြိုက်လောက်ပါဘူးဆိုပြီး ... ဘယ်တော့မှ မစဉ်းစားမိပါဘူး ... ။ ဒါပေမယ့် မနေ့က မေမေ့ မွေးနေ့လက်ဆောင်ကို စဉ်းစားရင်းမှ အလန့်တကြား စဉ်းစားမိတယ် ... မေမေ့ကိုမွေးနေ့လက်ဆောင်ပေးနေတာကို ဖေဖေမြင်ရင် သူ့သမီးက သူ့မွေးနေ့မှာ သူ့ကို သတိတရ အမှတ်တရ လက်ဆောင်ပေးလိမ့်မလားလို့ များ ဖေဖေ တိတ်တခိုး မျှော်လင့်နေမလား လို့ပေါ့...။

ကျွန်မငယ်ငယ်က ဖေဖေ့ကို သူစိမ်းလူကြီးတယောက်လို သိပ်ကြောက်ခဲ့တယ်လေ ... ။ ဖေဖေက ရုပ်တည်ကြီးနဲ့မို့ပေါ့ ... ။ ပြီးတော့ ဖေဖေက စိတ်မရှည်ဘူး .. ။ ကျွန်မတို့ညီအစ်မနှစ်ယောက်ကလည်း အမွှာဆိုတော့ တယောက်ငိုရင် တယောက်ငိုတယ် ... ။ တယောက်ကြိုက်တာ တယောက်ကြိုက်တတ်လွန်းလို့ရန်ခနခန ဖြစ်တယ် .... ။ မေမေ Night Duty သွားတဲ့ည ဖေဖေ ကျန်ခဲ့လို့ ဖေဖေနဲ့အိပ်ရရင် ညီမနှစ်ယောက်လုံး မအိပ်တော့ဘူး ... ။
ဖေဖေက ကလေးမှမသိပ်တတ်တာ ... ။ ၂ ယောက်လုံးက မအိပ်တော့ .. ခလယ်ကနေ ကြာလာတော့ စိတ်တိုလာရော ထင်ပါတယ် ... ငုတ်တုတ်ကြီးထထိုင်ရော ... ပြီးရင် ရုပ်တည်ကြီးနဲ့ကြည့်နေတော့ ညီအမနှစ်ယောက်က ပိုကြောက်ပြီး ပိုမအိပ်နဲ့.. လုံးချာလိုက်နေတာပါပဲ ... ။

ကျွန်မ ဘယ်တော့မှ မမေ့တဲ့ အဖြစ်ပျက်တခုရှိတယ် ...။ ကျွန်မတို့ ၃ ၄ နှစ်အရွယ် .. ဇာတိမြို့ မန္တလေးမှာနေတုန်းကပေါ့ ... ။ ကျွန်မ အမက ကစားရင်းနဲ့ နဖူးပေါက်တယ် ... အမှန်တော့ ဒဏ်ရာက သေးသေးလေးပါ ..။ ဒါပေမယ့် ကလေးက ငယ်တော့ အရမ်းလန့်ပြီး အရမ်းငိုနေတယ် ... ။ သူခေါင်းပေါက်လာပြီးး ကျွန်မတို့ကိုထိန်းတဲ့ အမ မကော့မိုင်က ဖေဖေဆီ "ဦးလေး .. တိုးတိုး နဖူးပေါက်သွားလို့" ဆိုမှ ကျွန်မလည်းသိတာ ...။ မေမေက မရှိဘူး ..။
ဆေးရုံမှာ duty .. ဖေဖေကတော့ အဲ့နေ့က off မို့လို့ဖြစ်မှာပေါ့ အိမ်မှာရှိနေတယ်လေ .... ။ ဖေဖေက တိုးတိုးကို ဆေးထည့်ပေးဖို့ ကြိုးစားတော့ တိုးတိုးက လန့်ပြီး အရမ်းရုန်းတယ် ...။ ဖေဖေ့ကိုကြောက်တဲ့ အရှိန်လည်းပါမယ်ထင်တယ် ...။ ကလေးက အရမ်းရုန်းတော့ ဖေဖေက အောက်မှာဆင်းထိုင်လိုက်ပြီး တိုးတိုးကို ပေါင်ကြားမှာညှပ်ပြီးခွလိုက်တယ် ... ။ အဲ့တော့ ဟိုက ပိုလန့်ပြီး ပိုငိုရော ...။ တိုးတိုးက ရုန်း .. ဖေဖေက ပိုချုပ်နဲ့ ... ကျွန်မ အမြင်မှာတော့ ဖေဖေက လူဆိုးကြီးပေါ့ ...။
ကျွန်မ အမကို နာအောင်လုပ်နေတယ်ပေါ့ ...။ တိုးတိုး ရှိုက်ကြီးတငင်ငိုရင် ဘယ်လိုမှတင်းထားလို့ မရတဲ့ ကျွန်မကပါ လိုက်ငိုရော ... ။ တိုးတိုးရဲ့ငိုသံကို ဘယ်လိုမှ ကြားနိုင်စွမ်းမရှိလို့ ကျွန်မက အိမ်ပတ်ပြေးပြီးငိုနေတယ် ... ( သူ့ငိုသံမကြားနိုင်မယ့်ဝေးရာကို ပြေးကြည့်တာလေ ...။ ဝေးဝေးလည်းမသွားရဲတော့ အိမ်ပတ်ပြေးနေတာပေါ့ .. ဟီးး ) နောက်တော့ ဘယ်လိုမှ မရတဲ့အဆုံး အိမ်ရှေ့ အိမ်ပေါက်ဝမှာ ထိုင်ချပြီး ငိုနေပါတော့တယ် ... ။ တိုးတိုးကလည်းငိုလို့ကောင်းတုန်း ဖေဖေကလည်း အနာဆေးထည့်ပေးဖို့ ကြိုးစားတုန်းပါပဲ ...။
ခနနေတော့ မေမေ ဆေးရုံကပြန်လာတယ် ... ။ ကျွန်မငိုနေတာတွေ့တော့ သမီးငယ်ဘာဖြစ်တာလဲ ပေါ့ ... ။ ကျွန်မလည်း ဆီးတိုင်ပလိုက်တယ် ... ။ တိုးတိုးနှဖူးပေါက်တာကို ဖေဖေက လုပ်နေတယ်ပေါ့ ... ။ အဲ့ကျမှ မေမေလည်း အပြေးဝင်သွားပြီးး တိုးတိုးကို ဆေးထည့်ပေးတယ် ... ချော့တယ် ... ။အဲ့တော့မှ တိုးတိုးလည်း အငိုတိတ် ... ကျွန်မလည်း အငိုတိတ် ... ။ စိတ်ထဲမှာတော့ "မေမေက ညင်ညင်သာသာလေးလုပ်တယ် ဖေဖေက ကြမ်းတမ်းတယ် .. ဟွန်း" ပေါ့ .... ။

အဲ့တာနဲ့ မရှေးမနှောင်းမှာပဲ .. ဖေဖေက အောင်လံ အထူး အရေပြား ဌာနကို Team leader အနေနဲ့ Transfer ကျလာတယ် .. ။ မိသားစု တကွဲတပြားစီမနေနိုင်တဲ့ မေမေက အောင်လံကျောင်းကျန်းမာရေး ဌာနကို အဖွဲ့ခေါင်းဆောင် ဆရာဝန်အနေနဲ့ လိုက်ပြောင်းတယ် .... ။ မန္တလေးက မပြောင်းခင် ... ဖေဖေက အောင်လံကို အရင်အိမ်သွားရှာနေတုန်းပေါ့ ... ။ ကျွန်မ ခြေဖနောင့် စက်ဘီးညပ်တယ် ... ။ လူတွေဝိုင်းအုံလာပေမယ့် .. မေမေရှိနေပေမယ့် ... ဖေကြီးရေ ဆိုပြီးပဲ ကျွန်မ အော်ငိုနေမိတယ် ... ။ ကျွန်မ ဖေဖေ့ကို ကြောက်နေရက်နဲ့ မချစ်ဘူးထင်ထားရက်နဲ့ ဘာလို့ မေမေရေလို့မအော်ပဲ ဖေကြီးရေ လို့ပဲအော်မိပါလိမ့်နော် .... ။

အဲ့လိုနဲ့ ကျွန်မတို့ ၆ တန်းအရောက်မှာ ဖေဖေ အင်ဒိုနီးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံကိုကို အစိုးရကလွှတ်လို့ ၃ လလောက်သွားရတယ် ... ။ ဖေဖေ့ကိုအရမ်းလွမ်းတယ်.... ။ သတင်းဆို သိပ်ပျင်းပြီးသိပ်မုန်းတဲ့ကျွန်မက international သတင်းရောက်ရင် မလွတ်တမ်းကြည့်တယ် ... ။ ထိုင်းနိုင်ငံအကြောင်း အင်ဒိုနီးရှားနိုင်ငံအကြောင်း ပါလာရင် TVအသံကျယ်တယ် .... ။ ဖေဖေ့ဆီက စာလာရင် အရမ်းပျော်တယ် .... ။ ကျွန်မရော နေကောင်း စာလိုက်နိုင်လား သမီးငယ်ဖို့ ဖေဖေ crayon ဘူးလေးတွေ ဖေဖေဝယ်ထားတယ် ဆိုတာတွေကို ၁၀ ခါ မက ပြန်ဖတ်တယ် ... ။ crayon ဆိုတာ ဘာမှန်းမသိသေးပေမယ့် .. အဲ့ ဘူးလေးကို စိတ်မှန်းနဲ့ အရမ်းချစ်တယ် ... ။
တနေ့ နိုင်ငံတကာသတင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မီးလောင်တဲ့အကြောင်းပါလာတယ် ... ။ ကျွန်မလေ ... ငိုချင်သွားတယ် ... ။ မေမေကတော့ ပြောပါတယ် ... ။ ဖေဖေဘာမှမဖြစ်ပါဘူးတဲ့ .... ။ အဲ့ညက စပြီး ကျွန်မ ဘုရားမှန်မှန်ရှိခိုးတယ် .... ။ ဖေဖေ့ဆီစာရေးတယ်ဆိုပြီး ဖေဖေ့တပည့်ကို စာထည့်ခိုင်းတယ် .... ။ နောက်တော့မှ ဖေဖေ့ဆီက စာပြန်လာတယ် .. အဲ့ဒီအချိန် ဖေဖေ အင်ဒိုနီးရှားရောက်နေပြီတဲ့ .... ပျော်လိုက်တာ ... တော်သေးတာပေါ့ ဖေဖေ ဘာမှမဖြစ်လို့ .... ။ သမီး crayon ဘူးဆိုတာလေးတွေလည်းမလိုချင်ပါဘူး ဖေဖေ ... ။ ဖေဖေပဲ မြန်မြန်ပြန်လာပေးပါ ........... ။ ဖေကြီးကိုသမီးအရမ်းးးးးး ချစ်တယ် ...........။

ခုတော့ ဖေဖေ့အသက် ၅၀ ကျော်ပြီ ... ။

ဖေဖေ....
ဖေဖေ တဖက်တချက်မှာ သမီးနှစ်ယောက်လုံးကို ပွေ့ချီပြီးး မေမေဆေးရုံက ပြန်အလာကို ထွက်ကြိုချင်သေးတယ် ...။
ဖေဖေ ပက်လက်ကုလားထိုင်နဲ့ထိုင်နေရင် သမီးတို့နှစ်ယောက် ဖေဖေ့ရင်ခွင်ထဲမှာ ဘယ်ညာ တယောက်ဆီ နေရာအပြိုင်ဝင်လုချင်သေးတယ် ... ။
ညအိပ်ရာဝင်တိုင်း အိမ်ရှေ့မှာ TV ကြည့်ရင်းအိပ်ပျော်သွားတဲ့တိုးတိုးကို ပွေ့ပြီးအခန်းထဲပြန်ချီလာတိုင်း အိပ်ရာပေါ်မှာအိပ်နေရင်းကနေ အိမ်ရှေ့ကိုဆင်းအိပ်ပြီးး ဖေဖေ ကုန်းပိုးဖို့လာအခေါ်ကိုစောင့်ချင်သေးတယ် ...။
သမီးသိပ်လိုချင်တယ်ဆိုလို့ ပိုက်ဆံကွက်တိဖြစ်နေတာတောင် ခရီးကအပြန်ရေပဲသောက်ပြီး ဝယ်လာတဲ့ အမွေးပွလွယ်အိတ်လိမ္မော်ရောင်လေး လွယ်ချင်သေးတယ် .... ။
တက္ကသိုလ် တက်ခါနီး .. " ယောက်ျားလေးတွေက ရည်းစားစကားလိုက်ပြောရင် ... မစဉ်းစားသေးဘူး လို့ပဲ ပြန်ပြောခဲ့နော်သမီး" ဆိုတဲ့ ဖေဖေ့ရဲ့ စကားသံလေးကို ပြန်ကြားချင်သေးတယ် ... ။
ဖေဖေနဲ့ ညနေစာစားပြီးတိုင်း အိမ်ရှေ့မှာ ထွက်ထိုင်ရင်း ကမ္ဘာကြီးအကြောင်း၊ မြတ်စွာဘုရားအကြောင်း၊ ဒဿနပညာရှင်တွေအကြောင်း၊ ရောဂါပိုးတွေအကြောင်း၊ ဖေဖေ့အဘိုးအကြောင်း၊ ဖေဖေငယ်ငယ်တုန်းကအကြောင်း၊ ဖေဖေပြောပြတာ သမီးနားထောင်ချင်တယ် ... ။

ဖေဖေရှိမယ့်အချိန် မှန်းပြီး အိမ်ကိုဖုန်းဆက်ရင်း ဖေဖေ့ကိုပြောရဦးမယ် .... သမီးအခန်းထဲက စာအုပ်တွေသိမ်းထဲ စာကြည့်စားပွဲလေးရဲ့ အတွင်းအံထဲမှာ ဖေဖေဝယ်လာပေးခဲ့တဲ့ crayon ရောင်စုံဘူးလေးတွေ သမီးသိမ်းထားတယ်လို့ ..... ။

နောက်ပြီးးး သမီးဖေဖေ့ကိုအရမ်းချစ်တယ် ..... လို့ ... ။

အမတငယ် ( ၁၉.၆.၂၀၁၀ )
 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner