Friday, September 11, 2009

ဝက်ရဲ့ တဂ်



ငယ့်ကို ဝက်ဝံလေး တဂ်ထားတာကို တောင် မရေးဖြစ်ဘူးဖြစ်နေတယ်...။ ရှေ့လျှောက်ပိုဆိုးမယ်ထင်တယ်...။ စာမေးပွဲက ပိုပိုနီးနီးလာတယ်လေ... ။ ခုတော့ အကြွေးလို စိတ်ထဲမှာကျန်နေတာနဲ့.. ရေးပေးလိုက်တယ် ဝက်ဝံလေးရေ...။

ကိုယ့်ကို အမြင်ကတ်ရတဲ့အကြောင်းရင်းတွေဆိုတော့... ပြောမဆုံးပေါင် တောသုံးတောင် တော့ ဖြစ်ပြီ..။ ငယ်ကလေ.. လူချစ်အောင် သိပ်နေတတ်တာဟုတ်ဘူး...။ ပြောလိုက် လုပ်လိုက်ရင် ရိုက်ပေါက်တွေချည်းပဲ... ။ အဓိကကတော့ အမေမွေးထဲက ခေါက်ရိုးကျိုးလာတဲ့ မျက်နှာရှစ်ခေါက်ချိုးကြီး က အရင်းခံပေါ့...။ တခါတလေ သူကိုယ်တိုင်မွေးထားတဲ့ သူ့သမီး အငယ်လေး ကိုတောင် သူကိုယ်တိုင် က "ဘာဖြစ်နေပြန်တာလဲ ဆူပုတ်နေတာပဲ" တဲ့...။ ငယ်လည်းပြန်ပြောလိုက်ပါတယ်...။ မေ မွေးလိုက်တည်းက ဒီမျက်နှာကြီးပဲ လို့....။ ဟုတ်တယ်လေ... ကိုယ့်မေမေကတောင် ကိုယ့်ကို အဲ့လိုမြင်နေမှတော့ သူများတွေဆို ပြောမနေနဲ့...။

ပြီးတော့ ငယ် က ငယ့်သူငယ်ချင်း အရင်းတွေကလွဲရင် လူ အသစ်တွေနဲ့သိပ်ခင်ခင်မင်မင်မနေတတ်ဘူး...။ အမှန်တော့ အဲ့တာ လူတောမတိုးတာလေ...။ ဒါပေမယ့် အများစုက ငယ့်ကို မာနကြီးတယ်ပဲထင်ကြတယ်..။ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ပြောကြတယ်လေ...။ ငယ့်အခင်ဆုံးသူငယ်ချင်းကိုတောင် လာပြောတဲ့သူ ရှိတယ်...။ "နင်မို့ သူနဲ့ပေါင်းတယ်။ အဲ့လောက်မာနကြီးတာကို" တဲ့..။ ငယ့်သယ်ရင်းလေးကလည်း ငယ့်ဂုဏ်ကို မြှင့်တင်ပေးတဲ့ သူငယ်ချင်းအကောင်းစားလေးဆိုတော့လေ... "နင်တို့ ပေါင်းမကြည့်ဖူးလို့ပါ သူက ငပေါ" တဲ့.. ။ ကြည့်ဦး..။ အဲလို သူငယ်ချင်းဂုဏ်ကိုမြှင့်တင်ပေးတာ...။ တခါတော့ မျက်နှာချင်းဆိုင်ကို လာပြောတာ ခံရဖူးတယ်ဗျ...။ ဘယ်တည်းက ကြည့်မရဖြစ်နေလဲ မသိပါဘူးဗျာ ( ဘယ်သူမှလည်း သူ့ကိုမကြည့်ခိုင်းနေပါဘူး။ ကိုယ့်ဘာသာနေတာကို ပြဿနာလာရှာတာလေ... ) ငယ် ရှစ်တန်းနှစ်ပေါ့... ထမင်းစားဆင်းလို့ အိမ်ပြန်ထမင်းစားပြီး ကျောင်းကို ပြန်အလာလေ...။ အဲ့နေ့က ဖြစ်ချင်တော့ ငယ်နဲ့တူတူပြန်နေကြ သယ်ရင်းလေးက ပါဘူး...။ ငယ် တစ်ယောက်တည်း ကျောင်းကို ပြန်လာတာပေါ့...။ ငယ် ကျောင်းထဲကို စက်ဘီးတွန်းပြီး ဝင်လာတည်းက သူထိုင်ကြည့်နေတာ ငယ်သိတယ်...။ ဒါပေမယ့် ခါတိုင်းလဲ သူက အဲ့လိုကြည့်နေတာပဲလေ... ။ အဲ့တာကြောင့် ငယ့်ဘာသာ ငယ် ဆက်ပြီး စက်ဘီးစတန်းမှာ စက်ဘီးထားဖို့ သွားတာပေါ့...။ နဂိုတည်းကလည်း ယောက်ျားလေးတွေနဲ့တွေ့ရင် မျက်နှာက အလိုလို တည်သွားတတ်တာဆိုတော ငယ့်မျက်နှာကလည်း တည်နေတယ်ထင်ပါတယ်...။ ငယ့်ဘာသာ သာ မျက်နှာတည်တယ်ထင်တာလေ..။ သူ့အမြင်မှာ ဘာရုပ်ထွက်နေလဲသိပါဘူး....။ ငယ့်စက်ဘီးရှေ့ ရုတ်တရက် ပိတ်ရပ်လိုက်ပြီး.. "နင့်ကိုယ်နင် တကမ္ဘာလုံး ယောက်ျားတွေက ကြိုက်နေတယ်များထင်နေလား" တဲ့ အရပ်ကတို့ရယ်..။ သူကနည်းနည်း ကောင်မလေးတွေ စိတ်ဝင်စားတာခံရတဲ့သူဆိုတော့ သူထိုင်ကြည့်နေတာတောင် ငယ်က ဂရုမစိုက်ဘူးဆိုတာမျိုးများ သူကိုယ်သူခံစားမိသွားလားလဲသိဘူး...။ သူပြောသလိုဆို ကိုယ့်ကို ဝေ့ကြည့်သမျှ ယောက်ျားတွေကိုပဲ ငယ် က အားရပါးရပြန်ပြုံးပြရမယ့်ပုံ...။ ခက်ရော...။ (အဟိ...နောက်နှစ်ကျ သူပဲ ငယ့်ကို အသည်းအသန်လိုက်တာ... အဟိ... ဘာမှတော့မဆိုင်သလိုပဲ... ကြုံကြုံမကြုံကြုံ ကြွားတာ... ဘာဖစ်တုန်း... )။

နောက်တခုက သိပ်သည်းမခံတတ်တာ... ။ ငယ် မကျေနပ်ဘူးဆို ချက်ချင်းလွှတ်ကနဲပြောတတ်တာ.. အဲ့အကျင့်ကမကောင်းဘူး...။ ဟိုတခါလည်း... ဂျီတော့မှာ ခင်နေတဲ့ အကိုကြီးတယောက်ကို ပြောနေရင်းနဲ့ ငယ့်ကိုဘလော့လိုက်တယ် ထင်ပြီး မေးလ်ကနေ သွားချဲတာလေ.. အဟီးးး.. ပြီးတော့မှ.. ဟုတ်ဘူး.. ငယ် က view past chats ကို click တာကို block this person ကို သွားclick မိရက်သားဖြစ်နေတာလေ...။ အဲလိုကမူးရှုးထိုးက လုပ်တတ်သေးတယ်...။ အမှန်တော့ မကောင်းတဲ့အကျင့်လေ... ဒေါသထွက်လွယ်တဲ့အပြင် မစဉ်းစားပဲ လုပ်တတ်တာ အမှန်တော့ တော်တော်ဆိုးတယ် အဲ့အကျင့်က...။

ပြီးတော့ မျက်နှာမှာစိတ်ခံစားမှုပေါ်နေတာ...။ ဒေါသထွက်တယ်ဆိုလည်း ရုပ်က ချက်ချင်းပုတ်သွားတာလေ...။ အဲ့အကျင့်လည်းကောင်းဘူး...။ တခါတုန်းကဆို ကျောင်းနောက်ဆုံးနှစ်တုန်းက စာတမ်းတင်ရတယ်လေ... ။ ငယ်က ညောင်ဦးမှာအဖွားရှိတော့ အကြံအဖန်လုပ်ပြီး ရေးရမယ့်ခေါင်းစဉ်ကို ယွန်းထည်လုပ်ငန်းအကြောင်း ရွေးလိုက်တယ်...။ ပြိးတော့ paper ကိစ္စအကြောင်းပြပြီး.. ညောင်ဦးကိုလစ်တာပေါ့... ။ ငယ်တို့က product ထုတ်လုပ်ပုံအဆင့်ဆင့် အပြင် လုပ်ငန်းရဲ့ final accounts (နှစ်ချုပ်စာရင်း ) တွေအထိ ဆွဲပေးရတယ်လေ..။ အဲ့မှာ ပြဿနာကစတာပဲ...။ ငယ်ပြောတာက ရှင်းရှင်းလေး...။ ဘယ်စီးပွားရေးလုပ်ငန်းရှင်ကမှ ကိုယ့် ဝင်ငွေ အမှန်ကို မပြောဘူးဆိုတာ ငယ်သိပါတယ်။ ဒါပေမယ့် ငယ် မခန့်မှန်းတတ်လို့ ငယ့်ကို ခန့်မှန်းခြေလေးပြောပြပါလို့... ရာခိုင်နှုန်းနဲ့ပေါ့ ဥပမာ ၁၀၀ ရင်းရင် ဘယ်နှရာခိုင်နုန်းပတ်ဝန်းကျင်လောက် အမြတ်ပေါ့... ဘယ်သူမှ သူ့ကို အဲ့စာရင်းကြီးပြပါလို့မတောင်းဘူး.. ။ အမှန်ပဲပြောလို့လဲ မပြောဘူး...။ စတည်းက စကားက ပုလ္လင်ခံပြီးသားကို...။ ငယ့်ကိုရုပ်တည်ဂျီးနဲ့ဒီလိုမျိုးဘယ်လုပ်ငန်းရှင်မှမပြောဘူးတဲ့.. ။ ငယ်ရှေ့တည်းက စကားခံပြီးသား..။ အဲ့တာကို စာရင်းသိရရင် ငယ်ကပဲ သူ့ကိုအဲ့ည ဓားပြလာတိုက်တော့မယ့်ပုံနဲ့လေ။ ငယ်လည်းဘာစကားမှကိုဆက်ပြောဘူး...။ အဟီးးးး...။ ဘာမှဆက်မမေးတော့ပဲ ငုတ်တုတ်ကြီးထိုင်နေတော့ အဟိ.. ကြာလာတော့ သူလည်း နည်းနည်းတော့ အူကြောင်ကြောင်ဖြစ်လာတယ်ထင်တယ်.. အဟိ..။ ငယ့်အကြောင်းသိတဲ့ ငယ့်အမက နောက်မှတခေါက်ပြန်လာပါဦးမယ် မှောင်နေလို့ ဘာညာပြောပြီးပြန်ထွက်လာ ရတယ်လေ...။ ငယ်က ပြန်ပါဦးမယ်လို့တောင် နုတ်ဆက်ဘူး... ။ စိတ်အရမ်းတိုနေလို့လေ...။ တကယ်တော့ ငယ် လူကြီးလူကောင်းမဆန်တာပဲလေ.. ခုမှပြန်တွေးကြည့်တော့...။
နောက်ပြီး.......။ အဲ့ ပြောတော့ဘူး.. ။ ကြာရင် နာ့ဘလော့လေးတောင်.. ဘူမှ လာလည်မှာဟုတ်တော့ဘူးဟ.. ဝက်ရ...။ အဟီးးး.. မီး ကခု အဲ့လိုဟုတ်တော့ပါဘူး... ရင်ကျပ်.. အဲ့လေ ရင့်ကျက်လာပါဘီဂျ.. ။ အဟီးးး...။ မဆိုစလောက်လေး နည်းနည်းလေး ပိစိလေး.. စိတ်တိုလွယ်တာလေးပဲ ကျန်တော့တာဘာ...။ ဟီးးးး...။
ဒါဘဲ..။ပြီးပြီ...။ တာဝန်ကျေဘီနော် ဝက်...။ ဟွန့်...။ တော်လုပ်တာနဲ့ ကျုပ်ကို အညင်ကတ်ပီး ဘလော့လေးကို ဘူမှ လာမလည်တော့ရင်တော့ တရားခံ ဝက်ပဲဂျ...။

ပျော်ရွှင်ချမ်းမြေ့ပါစေရှင်...။
အမတငယ်။ 11. Sep. 2009; Friday; 11:22 P.M.
 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner