အခန်း (၃)။

ငယ်က ညနေခင်းနေဝင်ချိန်လေးကို အရမ်းကြိုက်တယ်..။ အဲ့ဒီအချိန်လေးမှာ ပန်းလေးတွေက ပိုမွှေးနေပြီး.. လေတွေကလည်း ပိုလတ်ဆတ်နေတယ်လို့ ထင်တယ်လေ..။ အဲ့တာကြောင့်လည်း ညနေဆည်းဆာချိန်ကို စာဖွဲ့ကြတာ ဖြစ်မယ်ထင်တယ်..။ ညနေခင်းလေးရဲ့အရာအားလုံးကို ငယ်ချစ်တယ်။ ကောင်းကင်ပြာပြာလေးမှာ အုပ်စုဖွဲ့ပြန်သွားတဲ့ ငှက်တွေကို လိုက်ကြည့်ရင်း သူတို့ပျံသန်းတဲ့ပုံစံလေးတွေကို လိုက်ကြည့်နေရတာလည်း ပျော်တယ်..။ လေထုလတ်လတ်ဆတ်ဆတ်ကလေးကို ရှုရတာလည်း ပျော်တယ်..။ နောက်ပြီး... ညနေခင်းတိုင်း ငယ်တို့ခြံထဲက ဒါန်းလေးပေါ်မှာ ထိုင်ပြီး ငယ့်ကောင်းကင်လေးနဲ့ စကားပြောရတာလည်း ပျော်တယ်.. ။ ဒီနေ့ညနေလည်း ခါတိုင်း ဆည်းဆာတွေလိုပဲ လှပနေမယ်ဆိုတာ ငယ်သိတယ်လေ...။ ငယ် ဒါန်းပေါ် ထိုင်နေတာကို သူ့အိမ်ဝရန်တာ ကနေ လှမ်းတွေ့ရင် ဆင်းလာနေကျ ငယ့်ကောင်းကင်လေးက ခုလည်း ညနေခင်းလေညင်းလေးနဲ့ အတူ ငယ့်ကို ဒါန်းလွှဲပေးဖို့ ရောက်လာပြန်ပြီလေ...။ ငယ့်ကောင်းကင်လေးကလေ ငယ်ဒါန်းပေါ်ထိုင်နေရင် သူဘယ်တော့မှ ငယ့်နားမှာဝင်မထိုင်ဘူး.. ဒါန်းဘေးမှာရပ်ပြီး ငယ့်ကို ဒါန်းလွှဲပေးနေကြ..။ ငယ်က ဒါန်းကို အရမ်းလွှဲစီးရတာကြိုက်တယ် ။ သူက အဲ့လိုစီးတာမကြိုက်ဘူး... ။ သူရှိနေရင် ငယ်ဘယ်တော့မှ ဒါန်းကို အရမ်းကြီးလွှဲစီးလို့ မရဘူး..။ သူက ဖြည်းဖြည်းမှန်မှန်လေး လွှဲပေးနေကျလေ..။

'ငယ်..'
'အင်း...'
'ငါ မနက်ဖြန် ခရီးထွက်မလို့..'
'ဟင်.. ဘယ်သွားမှာလဲဟ နင်ကလည်း...'
'အင်း... ဟုတ်တယ်... နင့်ကို ငါ ပိုင်ဖို့ ငါ့လက်ထဲမှာ ငွေတွေ အများကြီးရှိမှရမှာ... '

အကြာကြီးတိတ်ဆိတ်သွားတယ်..။ ဒီနေ့ညနေက အရင်ဆည်းဆာတွေလို မလှတော့သလိုပဲ.. ။ ကောင်းကင်မှာ ငှက်တွေလည်း မရှိတော့ဘူး..။ ရနေကြ မေမေစိုက်ထားတဲ့ ခြံထောင့်က စံပယ်ပင်ကလည်း ပန်းတွေပွင့်နေရဲ့သားနဲ့ ခါတိုင်းလို ဘာလို့မမွှေးတော့တာလဲ..။ လတ်ဆတ်တဲ့လေညင်းတွေ မတိုက်တော့လို့လား.. ငယ် အသက်ရှုမဝသလိုပဲ...။ ချစ်သူရယ်... နင်နဲ့ငါ့ကြားမှာခြားနေတာ ငွေ မှမဟုတ်တာ..။ နင် ငါ့ကို အထင်လွဲနေပြီ..။ နင် မေမေတို့လက်ခံလာအောင်ကြိုးစားလေ..။ နင် ကျောင်းဆက်တက်လေ..။ အရင်လို ဆိုးမနေနဲ့တော့လေ..။ သမီးတစ်ယောက်ကို စိတ်ချလက်ချ အပ်နိုင်လောက်တဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင် ကြိုးစားလေ...။ ငါ ပြောချင်နေတယ်... ဒါပေမယ့် ငါ့လည်ပင်းမှာ ဘာခံနေလဲ..။ ငါမသိဘူး..။ ငါ ဘာလို့ ပြောလို့မထွက်နေတာလဲ..။ ငါမသိဘူး..။ မိန်းမတစ်ယောက် ပြင်ပေးမှ လမ်းမှန်ရောက်တဲ့ ယောက်ျားမျိုး နင့်ကို မဖြစ်စေချင်ဘူး...။ ငါ့ချစ်သူက အဲ့လို သူ့ကိုယ်သူ ပြုပြင်နိုင်တာ တွေ့လား ဆိုတာမျိုးကို ငါက ပြောချင်တာ...။

'နေနိုင်... နင် မှားနေပြီ...'
'ဘာမှားလို့လဲ.. ငွေ မရှိလို့ အန်တီတို့ကလက်မခံနိုင်တာ.. အန်တီလက်မခံဘူးဆိုတာ နင်သိနေလို့ နင် ငါ့.. ကို'
'မဆိုင်ပါဘူးဟာ... ငါဘယ်တော့မှ လူတစ်ယောက်ရဲ့တန်ဖိုးကို ငွေနဲ့မတိုင်းဘူး... မေမေတို့ကလည်း ငွေမက်တဲ့လူတွေ မဟုတ်ဘူး..'
'ဆိုင်တာပေါ့... ငွေမရှိရင် နင်နဲ့ငါနဲ့ မဖြစ်နိုင်ဘူး...'
'နေနိုင်.. လောကကြီးမှာ မဖြစ်နိုင်တာမရှိဘူး.. မဖြစ်သေးတာပဲရှိတယ်... နင်မှတ်ထား.. '

အဲ့ဒီနေ့ညနေက အကျည်းတန်လိုက်တာ... တိမ်တွေလည်းတောက်လို့... ။

သူက ငယ့်ကို သူ့ကောင်းကင်လို့တင်စားတယ်...။ ငယ့်အတွက်ကလည်း သူ့ကို ငယ့်ကောင်းကင် ဖြစ်စေချင်တယ်..။ ငယ်အမြဲတမ်း မော့ကြည့်နေချင်ခဲ့တယ်..။ လေးစားစွာမြတ်နိုးချင်တယ်..။ ငါ့ချစ်သူက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သူ လမ်းမှန်ပေါ်တက်လျှောက်ခဲ့တာလို့ သူ့အစားဂုဏ်ယူချင်တယ်..။ သူက ငယ့်လက်အကမ်းကို စောင့်ခဲ့တယ်..။ ငယ်ထူမှ သူထချင်ခဲ့တယ်..။ ငယ့်ဘဝကို ဦးဆောင်မယ့်သူက ငယ်ထူမှ ထနိုင်မှာတဲ့လား... ။ ငယ့်ချစ်သူ ငယ့်ကောင်းကင်ကို အဲ့လို မဖြစ်စေချင်ဘူး..။ ငယ့်ကို အရာရာမှာ ဦးဆောင်နိုင်သူ ဖြစ်စေချင်တယ်လေ...။ ငယ် မှားခဲ့လား..။

အဲ့ဒီလိုနဲ့ နားလည်မှုလွဲခဲ့တဲ့သူနဲ့ငယ်....
အဲ့ဒီနားလည်မှုလေးကို သူ့ဖာသာပြန်ပြင်လာချိန်ထိ စောင့်ခဲ့မိတဲ့ငယ့် အမှားလား...။ တခုခုဆို ပြောဖို့တွန့်ဆုတ်တတ်ခဲ့တဲ့ ငယ့်အကျင့်ကြောင့်လား.. ဒါမှမဟုတ်.. ငါလိုချင်တာ ငွေမဟုတ်ဘူးလို့ ပြောတိုင်း နင်ငါ့ကို ဘာဖြစ်စေချင်လဲဆိုတာ ငါသိပါတယ်ဆိုပြီး ငယ်လိုချင်တဲ့ပုံစံရောက်အောင် မလုပ်ခဲ့တဲ့ သူ့အမှားလား...။ သေချာတာတခုကတော့ ငယ်တို့ အချစ်တွေမှားခဲ့ကြတယ်...။ သူဆိုနေကြ ဆောင်းဦးလှိုင်သီချင်းလေးလိုပဲ... ငယ်တို့ အချစ်တွေ မှားခဲ့ကြတယ်လေ....။

*****

ဆောင်းတွင်းဆည်းဆာကပိုလှတယ်ထင်တယ်...မှောင်လွယ်တာတခုပဲ...။ဆည်းဆာလေးကြာကြာမခံတာတခုပါပဲ...။ နည်းနည်းအေးနေပေမယ့် အကီင်္ျထူထူ ထပ်မဝတ်ချင်သေးလို့ ဂါဝန် ကားကား အရှည်ကြီးတွေကို နှစ်ခြိုက်တတ်တဲ့ငယ်က အဲ့ဒီနေ့ကလည်း ထီးစကတ်ဖားဖားကြီးကို လေထဲမှာဝဲသွားအောင် ဒါန်းစီးနေတယ်လေ.။ ဒီနေ့ညက လကွယ်ပေမယ့်.. ငယ့်ကောင်းကင်က လမင်းကြီးကတော့ ညနေစောင်းကတည်းက သူ့ဝရန်တာကနေ ငယ့်ကို လှမ်းကြည့်နေလေရဲ့...။ ဘာကြည့်နေတာလဲ လို့လှမ်းအော်မှ ပြုံးပြီး အိမ်ထဲဝင်သွားခဲ့တယ်.. ငယ့်ဆီလာတော့မယ်.. သိသားပဲ..။

'အေးတယ်ဟ..'
စကားသံနဲ့အတူ ဒန်းနားရောက်လာတဲ့သူနဲ့အတူ ဝေ့တိုက်လာတဲ့လေညင်းလေးမှာ သူသုံးနေကျ ခေါင်းလိမ်းဆီနံ့လေး ရလိုက်တယ်...။ ပြီးတော့ အရှိန်ရနေတဲ့ဒါန်းကို ထိန်းလိုက်ပြီးငယ့်ကို ဖြေးဖြေးလေးလွှဲပေးတယ်...။ နေနိုင်ရယ်.. ငါ နင့်ကိုချစ်လိုက်တာ...။

'ဆောင်းတွင်းပဲဟာကို .. အေးမှာပေါ့.. ဟွန်း..'
'အေးလေ.. အဲ့တာကို ဘာလို့ အနွေးထည်ထပ်မဝတ်တာလဲဟာ.. နင် ဖျားမယ်'
'ဖျား ဖျားပေါ့.. ကောင်းတောင်ကောင်းသေး.. အဲ့တာမှ မေကြီး ငယ် ဘာစားချင်လို့.. ဟိုဟာစားချင်လို့.. ဒီဟာစားချင်လို့နဲ့ ချွဲလို့ရမှာ.. ဟိ'
'အေးပါ.. အေးပါ.. ချွဲချွဲ.. နော်.. ဟွန်း... '

'ငယ်..'
'နေနိုင်..'

ပြိုင်တူခေါ်မိလိုက်လို့ ပြိုင်တူပဲ ပြုံးလိုက်မိတယ်..

'နင် အရင်ပြော...'
'နင် အရင်ပြော...'

ဒီတခါတော့ နှစ်ယောက်စလုံး မရီပဲမနေနိုင်တော့ဘူး....
ငယ်ကပဲ..
'အေးပါ .. ငါပဲ အရင်ပြောမယ်.. နင့်အပေါင်းအသင်းတွေထဲက တချို့တွေကို ငါမကြိုက်ဘူးနော်...'
'အေးပါ.. ငါ သိပါတယ်.. '
'အေး.. ဒါဘဲ.. နင် အရက်သောက်တာ ဆေးလိပ်သောက်တာ ငါဘာမှမပြောဘူးနော်... အဲ့တာတော့လုံးဝမပါစေနဲ့.. '
'အေးပါဟာ.. ငါသိပါတယ် .. မလုပ်ပါဘူး...'
'အင်း..ပြီးရော...'
'ကဲ.. အိမ်ထဲဝင်တော့ အပြင်မှာအေးနေပြီ.. ဦးထုပ်လည်း မဆောင်း.. အနွေးထည်လည်းမဝတ်နဲ့... ပြောလို့ဆိုလို့ကို မရဘူး..'
'အင်း.. နင်လည်းလိုက်ခဲ့လေ.. အိမ်ထဲကို.. မေမေတောင်နင့်ကိုမေးနေသေးတယ်.. နင် အဲ့ကောင်တွေနဲ့ပေါင်းနေတယ်ဆို တဲ့..'
'အေးပါ.. မေမေစိတ်ချအောင် ငါလိုက်ပြောပါ့မယ်'
'အောင်မာ... ဟွန်း.. သူများမေမေကိုများ.. သူက မေမေ တဲ့..'

နင်နဲ့မေမေနဲ့ တသက်လုံးအဲ့လိုလေး ငါ့အနားမှာရှိနေပေးရင် ငါသေပျော်ပါပြီ ချစ်သူရယ်....။
*****

အမတငယ်
၃၀ ဇူလိုင် ၂၀၀၉ 7:30 PM
က

ဆက်ရန်..



အခန်း ၂။

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့...

'နေနိုင်... ဒီနေ့ မီးစထွန်းမှာနော် .. နင် သူငယ်ချင်းတွေနဲ့လျှောက်သွားမနေနဲ့ဦး.. ၇ နာရီရောက်အောင် ပြန်လာခဲ့... '
'အေးပါ ... မေ့ ပါဘူး သိပါတယ်.. ပြန်လာခဲ့မယ်နော်... နင် စောင့်နေ'

အပြုံးလေးနဲ့ ငယ့်မျက်လုံးကို စိုက်ကြည့်ပြီးပြောလိုက်တဲ့ သူ့ စကားကို သူက မြန်မာလိုပဲ ပြောလိုက်ပေမယ့် ငယ် မနည်း မြန်မာလိုဘာသာပြန်လိုက်ရတယ်လေ...။ သူအဲ့လိုစိုက်ကြည့်လိုက်ရင် ကမ္ဘာကြီးတခုလုံး တိတ်ဆိတ်သွားတတ်လွန်းပြီး ဘာသံကိုမှ ငယ် မကြားနိုင်တော့လောက်အောင် သူ့ဆီမှာ ပျော်ဝင်သွားနေကြလေ..။

'ငယ်.. ငါပြောနေတာကြားရဲ့လား... '
'ဟေ.. အေး ကြားသားပဲ.. နင်သာမမေ့ပါနဲ့..'
'အေးပါ.. မေ့ပါမလား သီတင်းကျွတ်တိုင်း ငါတို့နှစ်ယောက် မီးတူတူထွန်းနေကျကို...'
'အေးပါ .. မမေ့လည်းပြီးရော..'

ငယ်ငယ်လေးကတည်းက ကစားဖော်ကစားဖက် ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်လေး ခုတော့ ရင်ခုန်ဖက် ချစ်ရသူလေးကို ဘယ်သူတွေ ဘယ်လောက် အပြစ်တင်တင် ဘယ်သူတွေ ဘယ်လောက်မကောင်း ပြောပြော.. ငယ့်အတွက်တော့ သူက ကောင်းကင်လေ...။ ခါတိုင်းသီတင်းကျွတ်တွေလည်း မီးတူတူ ထွန်းနေကျပေမယ့် ဒီသီတင်းကျွတ် မီးအတူထွန်းဖို့ကို ငယ်ဘာလို့အဲ့လောက်မျှော်လင့်နေရတာလဲ...။ ငယ် ဆုတောင်းချင်နေတယ်လေ...။ ဆုမတောင်းတတ်တဲ့ ငယ်က ဒီသီတင်းကျွတ်မှာတော့ သူနဲ့တူတူ ဆုတောင်းချင်နေတယ်... ။ သူတောင်းမယ့် ဆုနဲ့ ငယ်တောင်းတဲ့ဆု ထပ်တူညီချင်နေတယ်လေ...။ နောက်ဘဝဆက်တိုင်း သူနဲ့ နှစ်ဖက်မိဘ ကြည်ကြည်ဖြူဖြူ နဲ့ ထာဝရမခွဲတမ်း လက်တွဲနိုင်ဖို့ ငယ် သူနဲ့ အတုတူ ဆုတောင်းချင်ခဲ့တယ်...။ ဘာဖြစ်လို့လဲဆိုတော့ ငယ့် မေမေ တို့က သူ့ကို သားအရင်းလို ချစ်ပေမယ့် သားမက်တော့ မတော်နိုင်ဘူးဆိုတာ ငယ် သိနေတာပဲလေ..။
ငယ့်အတွက်တော့ မေမေက ဘာနဲ့မှ မလဲနိုင်တဲ့အရာလေ.. မေ ဖြစ်စေချင်ခဲ့တဲ့ ဆရာဝန်ဘဝကို မပေးနိုင်ခဲ့တကတည်းက မေ့ ကို စိတ်ဆင်းရဲအောင် ဘယ်တော့မှ မလုပ်ဘူးလို့ သံန္နိဋ္ဌာန် ချထားခဲ့တဲ့ ငယ့် အဖို့ သူ့ကို ချစ်ပါတယ်ဆိုတဲ့ စကားကို ငယ်ဘယ်လို ပြောထွက်မလဲ...။ ငယ့်ကို ချစ်တဲ့စိတ်နဲ့ မေတို့လက်ခံလာနိုင်အောင် ကြိုးစားလိမ့်မယ်လို့ ငယ် ယုံကြည်နေပါတယ် ချစ်သူရယ်...။
*****

'ငယ် ... အဆင်သင့်ဖြစ်ပြီလား..'
'အလဲ့... အချိန်အတိအကျ ပြန်ရောက်လာသားပဲ..'
'အမယ် .. ငါမမေ့ပါဘူးနော်...'
အင်းပါ ပြီးရော...'
'လာ.. သွားထွန်းရအောင် '

ငယ်က သီတင်းကျွတ်ဆို လျှပ်စစ်မီးနဲ့ ထွန်းရတာ မကြိုက်ဘူး ...။ ဖယောင်းတိုင်မီးကိုပဲ ထွန်းတယ်။ ခြံဝင်းတစ်ခုလုံးကို ပတ်ထွန်းတယ်လေ.. ငယ် မမှီတော့တဲ့နေရာတွေဆို နေနိုင်က ထွန်းပေးတယ်..။ မီးရောင်လဲ့လဲ့တွေအောက်မှာ ငယ့်ချစ်သူက ငယ့် အတွက် တကယ့်နတ်သားလေးပါ...။ သူ့နှုတ်ခမ်းပုံစံကိုကြိုက်တယ်။ သူ့သွားစွယ်လေးတွေကိုကြိုက်တယ်..။ သူ့ စကားပြောဟန်ကို ကြိုက်တယ်..။ ချစ်သူရယ် ... ငါ နင့်နားမှာပဲ ထာဝရနေခွင့်ရပါရစေ...။

'ဟိတ်.. ချစ်ရင် ချစ်တယ်ပြော ငါ့ကို အဲ့လောက်ကြည့်မနေနဲ့...'

အယ်.. သူပြောမှ အလန့်တကြားပြန်သတိဝင်လာတယ်လေ..။

'ဟာ ဟ.. နင့်ကိုများ ချစ်နေဦးမယ်.. ဟွန်း..'
'အေးပါ.. အေးပါ.. ဟား.. ဟား..'

ရှက်ရှက်နဲ့ငယ့်မျက်နှာတခုလုံး ပန်းရောင်သန်းသွားတာ သူ မသိလောက်ပါဘူးလေ.. မီးရောင်နဲ့ရောနေမှာပဲနော့်..။ ငယ်တို့ မီးထွန်းနေတဲ့နေရာက မှောင်ရိပ်နည်းနည်းကျနေတယ်လေ..။ ခြံရဲ့ အစွန်ဘက်နားဆိုတော့.. ။

'အောင်မယ်.. ဘာရီတာလဲ.. နေနိုင် နင်နော်..'
'ဘာလဲဟ.. ငါ ဘာသာရီတာ.. ဒီနေရာမှာ ဘယ်သူမှမမြင်ဘူးနော် ဘာမှတ်လဲ'
'အောင်မယ်.. နင် သတ္တိရှိရင်လုပ်ကြည့်လိုက်လေ'
'မရှိပါဘူးဗျာ.. သတ္တိမရှိပါဘူး.. နင် ဆန္ဒမပါပဲ ငါ နင့်ကို လက်ဖျားနဲ့တောင် မတို့ပါဘူးဟာ.. စိတ်ချပါ။'

ငါ ယုံပါတယ် ချစ်သူရယ်.. တကယ်ဆို င့ါအိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ရထားတဲ့နင်က ငါ့လက်ဖျားလေးကိုတောင် မထိဖူးခဲ့တဲ့ နင့်ရဲ့ ကိုယ်ကျင့်တရားကို ငါယုံတာပေါ့ နေနိုင်ရယ်... ငါနင့်ကို အဲ့တာတွေကြောင့် ပိုပိုချစ်နေရတာပေါ့ချစ်သူရယ်....။

'ဟဲ့ မောင်နှမ နှစ်ယောက် မှောင်ထဲမှာ မြွေပါးကင်းပါးနဲ့'
'ဟုတ် မေမေ'
'ဟုတ် အန်တီ'

ငယ်တို့နှစ်ယောက် ပြိုင်တူအော်ရင်း မေ့ဆီသွားလိုက်ကြတယ်..။ မေ စိတ်မချလို့လိုက်လာတယ်ဆိုတာ ငယ်ရော သူရော နားလည်ကြပြီးသားပါ..။

မေမေက 'နင်တို့ မီးတွေသာထွန်းတာ ဆုရော တောင်းကြရဲ့လား..'
'ဟုတ်လား.. ဆုတောင်းရတယ်လား .. ငယ် သိဘူး..'
'အေး.. ဆုတောင်းရင်းထွန်းရတယ်တဲ့..'
'ကဲ ကဲ.. မောင်နှမနှစ်ယောက်ဆက်ထွန်းကြဦးနော့်...' ပြောရင်းဆိုရင်း မေမေ အိမ်ထဲဝင်သွားတယ်..။ ငယ်တို့နှစ်ယောက်လည်း တယောက်ကို တယောက်ပြုံးကြည့်မိကြတယ်..။ ဘာကြောင့်ပြုံးတာလဲ လို့ နင်မမေးခဲ့တာတော်သေးတာပေါ့...။ နင်သာမေးခဲ့ရင် ငါ့မှာ ဖြေစရာမရှိခဲ့ဘူး ချစ်သူရယ်..။

'ဟဲ့.. ကြားလား ဆုတောင်းပြည့်တယ်တဲ့.. ငါတော့ခုနက ဆုတောင်းလိုက်ပြီ... နင်ရော ဆုမတောင်းဘူးလား..'
'အင်း..... တောင်းတယ်'
'ဘာတောင်းလဲ'
'ဘဝဆက်တိုင်း နောက်ထပ် ဒီလိုအဖြစ်မျိုးနဲ့ မကြုံပါရစေနဲ့လို့..'

အမတငယ်
၂၈ ဇူလိုင် ၂၀၀၉ 4:55 PM

ဆက်ရန်...
ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာဆင်း၊
ဆင်းရလဲ မသက်သာ၊
အုန်းလက်ကြွေ ရေပေါလော
မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေသူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ၊
နောက်တစ်ချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ပါ့၊
မြုပ်လေပေါ့ ပေါ်မလာ၊
မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊
ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ၊
ချောင်းအစွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊
မဗေဒါက တစ်ပင်တည်း။
အယက် အကန် ခံလို့
ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ။ ။
(ဆရာ ဇော်ဂျီ )


ငယ် တို့ငယ်ငယ်တုန်းက မေမေချော့သိပ်နေကြသီချင်းလေးပါ...မေမေက ငယ်တို့ကိုသိပ်ရင် တခါတလေ ပရိတ်ကြီး ၁၁ သုတ်ရွတ်တယ်.. တခါတလေ ဗိမ္မသာရ သီချင်း ဆိုတယ် တခါတလေ ဗေဒါလမ်းသီချင်းဆိုတယ်... ငယ်ကတော့ ဗေဒါလမ်းသီချင်းကို အကြိုက်ဆုံးပဲ.... တခါတလေ ငယ် စိတ်ဖိစီးမှုတွေများလာရင် အားပေးမယ့်မေမေ အနားမှာမရှိချိန် အဲ့သီချင်းကို ညည်းနေတတ်တယ်... မေမေအငွေ့အသက်ကို ပြန်ခံစားမိသလို ဗေဒါမလေးက ငယ့်ကို အားအသစ်တွေပေးတယ်လေ... ဗေဒါမလေးနဲ့ မေမေနဲ့ပေါင်းပြီး ငယ့်ကို အားပေးနေသလိုခံစားရတယ်... ငယ်လည်း ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ပါပဲ မေမေ.....

အမတငယ်
၂၇. ဇူလိုင်. ၂၀၀၉ ၆း၅၀ PM


ငါ နေချင်ခဲ့တာ နင် ဆိုတဲ့ ကောင်းကင်အောက်မှာပါ ချစ်သူရယ်... ခုတော့ နင်က င့ါကောင်းကင် အဖြစ်ကနေ ရက်ရက်စက်စက် နှုတ်ထွက်သွားခဲ့တာ ငါ... ဘယ်ကောင်းကင် မှာ ငြိတွယ်လင်းလက်ရမှာလဲ.....

*****
အခန်း ၁။

ပြန်မတွေ့ဖြစ်တာတော်တော်ကြာပြီလေ...။ ခုဆို ငယ်သူငယ်ချင်းလေး ရဲ့ ကလေးလေးတောင် ၂ နှစ်အရွယ်.. သူငယ်ချင်းမလေးလည်း ကလေးအမေကြီးကိုဖြစ်လို့.. ကိုယ်ကိုယ့်ကို မို့ ငယ်သေးတယ် ထင်နေတာလေ..။ ၂၅ နှစ်ဆိုတဲ့ အရွယ်က အပျိကြီးစာရင်းကို သွင်းချင်ချင်ဖြစ်နေကြပြီကိုး...။

' ဟဲ့ မိငယ်... နင်က ဘာလဲ.. အပျိုကြီးလုပ်မလို့လား.. '

ကျွန်မ နာမည် နှင်းဆီငယ် ဆိုပေမယ့် အိမ်က ငယ်လို့ပဲ ခေါ်တတ်တာရယ် ကိုယ့်ကိုယ်ကို ငယ် လို့ပဲ နာမ်စားသုံးတတ်တာရယ်ကြောင့် သူငယ်ချင်းမိတ်ဆွေတွေအကုန် ကျွန်မကို ငယ် လို့ပဲခေါ်တတ်ပါတယ်..။
သူ့မေးခွန်းကို ကျွန်မမဖြေရသေးခင် သူ တခုခုကို သတိရသွားသလိုနဲ့...

'ငယ်... နေနိုင် ခု ဘယ်ရောက်နေလဲ နင်သိလား..'
'ဟင်.. နေနိုင်'

နေနိုင်.. နေနိုင်.. နေနိုင်ဆိုတဲ့ နာမည်ကို မေ့ဖို့တော်တော်ပင်ပင်ပန်းပန်းကြိုးစားထားခဲ့ရတာ ခုဆို ၅ နှစ်တောင်ကြာသွားပြီလေ..။ ဒါပေမယ့် နေနိုင် ဆိုတဲ့နာမည်ကိုကြားရုံနဲ့ ခုထိ ကျွန်မ ရင်ခုန်သံတွေ မတည်ငြိမ်နိုင်ခဲ့သေးတာ အချစ်က အချိန်ကာလနဲ့ အသက်အရွယ်ကနေ လွတ်ကင်းနေလို့လား.....။
*****

ငယ်တို့ ဒီမြို့ကိုပြောင်းလာတာ ခုဆို ၁နှစ်ပြည့်ပြီ။ ဖေဖေ မေမေတို့က အစိုးရဝန်ထမ်းတွေဆိုတော့ ငယ် မွေးတဲ့ ငယ် ပျော်တဲ့ မန္တလေး မှာကြာကြာမနေလိုက်ရပါဘူး။ ဒီမြို့သေးသေးခြောက်ခြောက်လေးကို ရောက်လာခဲ့ရတယ်။ ဒါပေမယ့် နှင်းဆီငယ် ဆိုတဲ့ မျက်လုံးပြူးပြူး နှုတ်ခမ်းစူစူ နဲ့ ခပ်စွာစွာကောင်မလေး ကိုတော့ လူချစ်လူခင်ပေါတယ်လေ။ ဘေးအိမ်က ပွင့်နီးနီးဝ တဲ့ မလေး ကအဆိုးဆုံး.. သူသွားလေရာနေရာ ခေါ်တတ်တယ်။
ဒီနေ့လည်း သင်္ကြန်အကြိုနေ့မို့ ဘုန်းကြီးကျောင်းကို ဆွမ်းသွားကပ်မယ် ငယ်လေးရေ တဲ့... ငယ် တို့ကလည်း အပြင်ထွက်ရမယ် ဆိုလို့ကတော့ ပဲများပြီးသား... မေမေ့ကို ဆံပင် နှစ်ဖက်ခွဲစည်းပေးခိုင်းလိုက်တယ်။ မေမေကလည်း မလေး နဲ့ဆို ငယ့်ကိုစိတ်ချပြီးသား...။

'အမလေး... ဝင်းလေးရေ... ညည်းညီမကိုလည်းကြည့်ဦး... ဘုန်းကြီးကျောင်းသွားမှာမို့တော်တော့တယ်...'

မေမေ့ အသံ... ဒါပေမယ့် နုတ်ခမ်းနီ ဆိုးထားတဲ့နှုတ်ခမ်းစူစူလေးနဲ့ မျက်လုံးပြုးပြုး ငါးနှစ်အရွယ် သူ့သမီးလေးကိုကြည့်ပြီး ပြုံးနေတဲ့ မေ့ မျက်နှာမှာ ငယ့် အတွက် အချစ်တွေ အပုံကြီးရှိနေတာ ငယ် သိတာပေါ့..။
ဘုန်းကြီးကျောင်းက လမ်းတဖက်ကိုကုးပြီး လမ်းကြားလေးထဲကနေဖြတ်သွားရတယ်။ဘုန်းကြီးကျောင်းကို ဝင်တဲ့လမ်းရှိပေမယ့် ငယ်တို့အိမ်နဲ့လှမ်းတော့ လူကြီးတွေက ဘုန်းကြီးကျောင်းကိုသွားတိုင်း အဲ့လမ်းကနေပဲ သွားနေကြလေ။ ငယ်လည်း လမ်းကိုသိနေပြီးသား...။

မလေး က တဖက်က ချိုင့်ကိုဆွဲ တဖက်က ငယ့်လက်ကိုဆွဲရင်း စည်ပိုင်းကြီးလှိမ့် သလို အိပဲ့အိပဲ့ သွားရာနောက် ငယ်ကလည်း ပဲလေးနဲ့ပေါ့..။ လမ်းကလူတွေက အမလေး ချစ်စရာလေးတော့ .. ပဲပဲလေး... ဆိုပြိးပြောရင် ဟန်မဆောင်နိုင်လောက်အောင် သဘောတွေကျလို့...။ ငယ် ပဲများလို့ မဆုံးသေးပါဘူး... လမ်းထိပ် အဝင်ပဲရှိသေးတယ်...။ ပက်မယ် ဟေ့ ပက်မယ် ဆိုပြီး ညာသံပေးထွက်လာတဲ့ အသံတသံကြားလိုက်ရတယ်...။ ကြည့်လိုက်မိတော့ ငယ်နဲ့ ရွယ်တုလောက်ပဲရှိဦးမယ်လေ..။ သူ့ကို ခါတိုင်း ဒီလမ်းကဖြတ်ရင်မြင်ဖူးပါဘူး..။ ရုပ်ကိုက ဂျစ်တီးဂျစ်ကန်နဲ့.. ဟွန်း...။

'ဟဲ့.. ဟဲ့.. ကလေး မပက်ရဘူးလေ.. တို့က ဘုန်းကြီးကျောင်းသွားမှာ မပက်ရဘူး ငရဲကြီးမယ်'
'ခင်ဗျားကို ပက်ပါဘူး... ဟိုကောင်မလေးကိုပက်မှာ'

ဗုဒ္ဓေါ... ငယ့်ကိုပက်မလို့တဲ့... သင်္ကြန်ဆို သူများကိုသာ ပက်ချင်တာ ငယ့်ကိုလာပက်ရင် အာပြဲအောင်အော်ငိုတတ်တဲ့ ငယ်လည်း ဟိုကောင်မလေးကို ပက်မယ် ဆိုကတည်းက မလေးရဲ့ စည်ပိုင်းခန္ဓာကိုယ်ကြီးကို ပတ်ပြေးတော့တာလေ.. ဟိုကောင်လေးက လိုက် ငယ်ကပြေး မလေးက ကြားထဲက ချိုင့်ကြီးနဲ့ကို့ရို့ကားယား... ရုန်းရင်းဆန်ခတ်တွေဖြစ်နေတုန်း...

'ဟဲ့.. သား.. နေနိုင်... သူငယ်ချင်းက ဘုန်းကြီးကျောင်းသွားမှာလေ.. ပြန်လာမှပက်နော် လာ.. လာ'
'ဟွန်းး သူတို့က ဒီလမ်းက ပြန်လာမှာမို့လို့လား..'
'အမလေး ပြန်ပါမယ်ရှင်... လူကလေးမင်းရဲ့.. ကျွန်မတို့ဒီလမ်းကပဲပြန်လာမှာပါ အဲ့ကျမှ ပက်ပါရှင့်'

မလေးက အဲ့လိုပြောပြီး ငယ် လက်ကိုဆွဲရင်း ထွက်ခဲ့တယ်... ငယ် ကတော့ အဲ့ဒီ ဂျစ်ကန်ကန် ကောင်လေးကို လှည့်ကြည့် လှည့်ကြည့်.... ပြန်ရင် ဒီလမ်းကပြန်ဦးမယ် ဆိုတော့ သူက ပက်ဦးမှာလား...
*****

'နင်မှတ်မိသေးလား ငါ့ကို နင်ငယ်ငယ်တုန်းက ရေလိုက်ပက်တာလေ...'
'မှတ်မိတာပေါ့ဟ.. နင်ကလေ.. အဲ့ကတည်းက ချစ်ဖို့ကောင်းတာ..'

ငယ်စီးနေတဲ့ ဒါန်းလေးကို လွှဲပေးရင်း ငယ့်ကို ချစ်တယ်လို့ဆိုလာတဲ့ ငယ် ချစ်နေရတဲ့ ငယ့်ကောင်းကင်လေး က အဲ့လိုပြောလိုက်တိုင်း ငယ့် ရင်တွေ ထိန်းမနိုင်သိမ်းမရခုန်လာခဲ့ရတာလဲ အကြိမ်ကြိမ်ပါပဲ...။
နင်လည်း အဲ့ကတည်းက ချစ်ဖို့ကောင်းတာ.. လို့ပြန်ပြောချင်ပေမယ့် ငယ့်လည်ပင်းမှာ တခုခုက ဆို့နေတယ်။
ငယ် ပထမနှစ် ကျောင်းတက်ပြီးပြန်လာတော့ ဖွင့်ပြောလာတုန်းကတော့ ဟားတိုက်ရီပြီး စနောက်ခဲ့ပေမယ့် ကျောင်းပြန်ဖွင့်လို့ သူနဲ့ဝေးသွားမှ အရင်တုန်းကနဲ့မတူတဲ့ သတိရခြင်းတမျိုးနဲ့ ရူးမတတ်သတိရနေခဲ့တာ... အဲ့တာ အချစ်လား.... ဘာမှန်းမသိခဲ့ပေမယ့်... သူ့နဲ့ နောက်တခါပြန်ဆုံတိုင်း အရင်ကလို ပေါ့ပေါ့ပါးပါး မဟုတ်တော့ တာတော့ ကိုယ့်ကိုယ်ကို သတိထားမိတယ်..။ အရင်တုန်းက ပြန်တွေ့တာနဲ့ ရေပက်မဝင် စကားတွေပြောရင်ပြော မဟုတ်ရင် ရန်ဖြစ်စိတ်ကောက် ပြန်ခေါ်နဲ့ ရှုပ်ယှက်ခတ်နေတဲ့ နှစ်ယောက်သားက ခုတော့ ဘယ်က စကားစ ရမှန်းမသိဖြစ်နေတတ်တယ်။ ငယ့်အတွေးမဆုံးခင်.....

'ငယ်... ငါနင့်ကို ချစ်တယ်'
*****

အမတငယ်
၂၇. ဇူလိုင်. ၂၀၀၉ 11:30 AM


ဆက်ရန်
ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။
အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့်
ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့်
ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား
ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို
အရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက
ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း
ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက
တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

သူငယ်ချင်းတယောက်ပို့ပေးတဲ့ fwd mail လေးပါ.. မူရင်း ဘာသာပြန်ရေးသားသူ ဘယ်သူမှန်းမသိလို့ပါ.. မူရင်းဘာသာပြန်သူအား လေးစားလျှက်..



Thursday, July 23, 2009

အိမ်

အိမ် ဆိုတာ ...ကျွန်မအတွက်တော့ နွေးထွေးမှုတွေ၊ ကြင်နာထွေးပွေ့မှုတွေ၊ အချစ်တွေ ပြည့်နှက်နေတဲ့ အရိပ်အာဝါသလေးပေါ့... စိန်တွေ ရွှေတွေ ဂုဏ်တွေ မာနတွေ အတ္တတွေနဲ့ လွတ်ကင်းနေတဲ့ နေရာလေးပေါ့...
သူစိမ်းတွေ နဲ့ဆက်ဆံဖို့ အမြဲခက်ခဲခဲ့တဲ့ကျွန်မက အပြင်မှာ စိတ်ပင်ပန်းလာခဲ့ရသမျှတွေဟာ အိမ်ခြံဝင်းဝမှာ မေမေ့မျက်နှာကို မြင်လိုက်ရတာနဲ့ အဲဒီစိတ်ညစ်စရာတွေက ခွာချခဲ့တဲ့အရေခွံလို ဟိုတစဒီတစ နဲ့အိမ်အပြင်မှာ ကျန်ခဲ့မြဲလေ...ရီသံလွင်လွင်လေးတွေ၊ စနောက်သံတွေ၊ တခါတခါ အော်ဟစ်ဆူပူတတ်တဲ့ မေမေ့အသံတွေ၊ လောကကြီးအကြောင်း ဘဝအကြောင်းတွေ ပြောပြနေတတ်တဲ့ ဖေ့ အသံတွေ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကျွန်မနဲ့အမရဲ့ ရန်ဖြစ်သံတွေ၊ သီချင်းဆိုသံတွေ... အရာအားလုံးဟာ အေးချမ်းတဲ့ နွေးထွေးမှုလေး တခုတည်းအောက်က အသိုက်အမြုံလေးလေ... ကျွန်မ အဘိဓာန်မှာ ဖွင့်ထားတဲ့ အိမ် ရဲ့ အဓိပ္ပါယ်က အဲ့လိုလေ... ခုတော့ ကျွန်မသိပ်တန်ဖိုးထားခဲ့ရတဲ့.. အိမ် လေးနဲ့ အဝေးမှာ.. မေမေ့ရင်ခွင်နဲ့ ဝေးသထက် ဝေးဝေး... ဟိုး... အဝေးကြီးမှာ... ကျွန်မ တစ်ယောက်တည်း......

အိမ်ဆိုတာ...အမိုးအကာနဲ့နားခိုရာဆိုရင်တော့ ကျွန်မအိမ်လို့မသတ်မှတ်ထားတဲ့ အိမ်ဆိုတဲ့နေရာတခုမှာ နေနေတယ်လေ... ကျွန်မ စက်ဆုပ်ရွံရှာခဲ့တဲ့ ဟန်ဆောင်အပြုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ လူမဟုတ် စက်ရုပ်မဟုတ်တွေ စုစည်းထားရာ နေရာဒေသတစ်ခုမှာပေါ့...။ ကျွန်မ အမုန်းဆုံးဟန်ဆောင်ပြုံးတွေ အေးစက်စက်နွေးထွေးမှုတွေ ကောက်ကျစ်တဲ့ကြင်နာမှုအတုတွေကြားမှာ ငယ်ဆိုတာ ငယ်မဟုတ်တော့သလိုပဲ.. ကျွန်မမျက်နာ ကျွန်မနာမည်ကြီးနဲ့အသက်ရှင်နေရပေမယ့်ကျွန်မရဲ့ ဖြစ်တည်မှုအစစ်မှန်က ပျောက်ခြင်းမလှ ပျောက်နေခဲ့တယ်...။ မှန်ကြည့်ရင်တောင် အကြည့်တွေက သူစိမ်းဆန်နေသလို အလန့်တကြားခံစားမိတယ်။ သူတို့ရဲ့ ဟန်ဆောင် အပြုံးတွေကို အရိုးသားဆုံးအပြုံးတခုနဲ့ ပြန်တုန့်ပြန်နိုင်ဖို့ခက်ခက်ခဲခဲကြိုးစားရင်း ဓာတ်ပုံလေး ထဲက အရိုးသားဆုံးအပြုံးတွေကို ပြန်ကူးယူနေရတယ်လေ...။ ငယ် ဆိုတဲ့ ကောင်မလေး ကျွန်မဘဝထဲက ထာဝရထွက်ခွာသွားမှာစိုးလို့ပါ...။

ကျွန်မသိပ်ခင်တဲ့ ကျွန်မသူငယ်ချင်းလေးက အားပေးတယ်...။ နောင်တချိန်နီးရဖို့ခနဝေးတယ်ပဲ သဘောထားလိုက်ပါတဲ့... သူကတော့ အဲ့လိုပဲခံယူတယ်တဲ့...။ သူ့ရဲ့ အဲ့ဒီစိတ်တွေ ကျွန်မဆီမှာရှိနေခဲ့ရင် ကောင်းမယ်လို့ အားမလိုအားမရ ချက်ချင်းတွေးမိတယ်... ကျွန်မဘာလို့အဲ့လိုတွေးလို့မရတာလဲ...။ သူပြောဖူးသလို ကလေးဆန်နေလို့လား...။ ဟုတ်မှာပါ.... ကျွန်မက မေ့အိမ်က မေ့ကလေးလေးပဲ ထာဝရဖြစ်နေချင်ခဲ့သူပဲလေ...။ ခုတော့ အပြုံးတုတွေ အချစ်ယောင်တွေရဲ့ကြားမှာ ကျွန်မကိုယ် ကျွန်မ ပျောက်မသွားရအောင် ကြိုးစားနေရတာကိုက အလုပ်ပိုတခုဖြစ်နေခဲ့တယ်လေ....။ သူပြောသလို နောင်တစ်ချိန်ပြန်နီးခွင့် မရခင်... ကျွန်မအစစ်ပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲသူငယ်ချင်းရယ်....။ ဟန်ဆောင်ပြုံးတွေသတ်လို့ ငယ်ဆိုတဲ့ ကောင်မလေး ကျွန်မဘဝထဲက ထွက်သွားခဲ့ရင်.......။

ဝမ်းနည်းမျိုသိပ်မှုတွေ၊ ထိန်းချုပ်သိုဝှက်မှုတွေ၊ တိုးတိတ်ငိုကြွေးမှုတွေရဲ့နှိပ်စက်မှုတွေအောက်မှာ ကျွန်မရဲ့ခံနိုင်ရည်တွေ ပြိုလဲမသွားခင်.... အိမ် ပြန်ခဲ့ပါရစေလား မေမေရယ်...။


အမတငယ်
၂၃ ဇူလိုင် ၂၀၀၉ 02:03:02 A.M
 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner