မတူညီတာတွေကို ထပ်တူကြအောင် နားလည်မှုတွေနဲ့ ကြိုးစားတာ အချစ်ရဲ့ အရသာပဲ လို့ ... ကိုယ်တော့ထင်တယ် ....

သိပ်ချစ်တယ် ... ။ ဘယ်တုန်းကမှ မဖြစ်ပေါ်ခဲ့ဖူးတဲ့ ခံစားမှုတွေနဲ့ ချစ်သူကိုချစ်တယ် ...။
သူလည်းကိုယ့်အတွက် အရာရာကိုပေးဆပ်ပြီးချစ်ခဲ့သလို ... ကိုယ်လဲ အရာရာကိုရင်ဆိုင်ဖို့ ခွန်အားတွေ သတ္တိတွေကို ချစ်သူကိုချစ်တဲ့ အချစ်တခုတည်းကနေ ရရှိလာခဲ့တယ် ... ။

လူတိုင်းမှာ အတ္တကိုယ်စီတော့ရှိကြမှာပဲလေ .. ။ ကိုယ်နားလည်ပါတယ် ...။
ကိုယ့်မှာလဲ အတ္တရှိတယ် ...။
ကိုယ်ချစ်တဲ့သူတွေမှာလဲ သူတို့အတ္တနဲ့သူတို့ရှိကြတယ် ...။
သူတို့အတ္တတွေကို ကိုယ်မြင်နိုင်ပေမယ့် .. ကိုယ့်အတ္တကို သူတို့ မမြင်နိုင်ကြဘူးထင်တယ် ... ။
ကိုယ် အဲ့လောက် ဟန်ဆောင်ကောင်းခဲ့လား????

ကိုယ့်မေမေ ...

သူ့ရည်မှန်းချက် သူ့ဘဝတွေနဲ့ စတေးပြီး ကိုယ်တို့ကို ချစ်ခဲ့တယ် ... ပုံခဲ့တယ် ...။
မေမေ့မှာ ကိုယ့်နဲ့ပတ်သက်တဲ့ သူ့ကိုယ်ပိုင် အတ္တရှိတယ် ....။ ဒါကို ကိုယ်နားလည်တယ် ...။
ကိုယ်နားလည်လွန်းလို့ ကိုယ့်ဆန္ဒတွေ ကိုယ့်ဝါသနာတွေကို စတေးပြီး .. ပြန် ချစ်ပေးခဲ့တယ် ...။
ဒါပေမယ့် ကိုယ့် နားလည်မှုက မေမေ့အတ္တကို အရောင်ပေးသလိုဖြစ်နေခဲ့သလား ????
ခု ကိုယ် မေမေ့အတ္တတွေ အောက်က ရုန်းမထွက်နိုင်သေးဘူး ...။
ကိုယ် နားလည်ပေးခြင်းတွေ နဲ့ပုံဖော်ထားတဲ့ မေမေ့ကိုချစ်တဲ့အချစ်က မေမေ့ဆီအရောက်မှာ နားလည်ပေးခြင်းတွေ နဲ့ ထုံမွမ်းထားတဲ့ အချစ်တွေမဟုတ်တော့ပဲ မေမေ့ရဲ့ ကိုယ့်အပေါ်ထားတဲ့ အတ္တတွေကို တောက်သထက် တောက်ပြောင်အောင် အရောင်တင်ပေးတဲ့ ရိုကျိုးခြင်းတွေ ဖြစ်ကုန်တယ် ...။


ကိုယ့်ချစ်သူ ... မောင် ...

သူ့ဘဝ သူ့အသက်ထက် ကိုယ့်ကိုပိုမြတ်နိုးတယ်ဆိုတာ ကိုယ်ကြုံတွေ့နားလည်ခဲ့ရတယ် ...။
မောင့်မှာလည်း ကိုယ်နဲ့ပက်သက်တဲ့ ကိုယ်ပိုင်အတ္တရှိတယ် ... ။ ဒါကို ကိုယ် နားလည်ထားတယ် ..။
ကိုယ်နားလည်လို့ မောင့် စိတ်တိုင်းကျနေခဲ့တယ် ... ။ ဒီစာကို မောင်ဖတ်မိရင် ဒီနေရာရောက်ရင် မဲ့ပြုံးပြုံးမယ်ဆိုတာ ကိုယ်ကြိုသိနေပါတယ် .... ။
မောင်မှ ကိုယ့်ကိုနားမလည်ပဲလေ ...။ မောင့်ကိုချစ်တဲ့စိတ်နဲ့ မောင့်ကို နားလည်ပေးသမျှက မောင့်အတ္တတွေကို ပိုပြီးအရောင်လက်လာစေတယ်လေ ....။
ကိုယ် မောင့်အတ္တအောက်က ရုန်းထွက်ဖို့ မကြိုးစားတော့ပါဘူး ...။
မောင့်အတ္တတွေ တောက်သထက် တောက်ပပါစေ ... ကိုယ် ခုထက်ပိုပြီး နားလည်ပေးရမှာပေါ့ .... ။

ကိုယ့် မှာ ရော ? ? ?

ဟား ဟား ...

သိပ်ရှိတာပေါ့ ကိုယ့်မှာလည်း အတ္တသိပ်ရှိတာပေါ့ ...

ကိုယ်ချစ်တဲ့သူတွေကို စိတ်ချမ်းသာစေချင်တယ်
ကိုယ်ချစ်တဲ့သူတွေ စိတ်ချမ်းသာရအောင် ကိုယ်အရာရာဖြည့်ဆည်းပေးချင်တယ် ..။

ကိုယ့်အတ္တက ပါးပါးလေးပါ ...

ကိုယ့်ကို ပြန်နားလည်ပေးပြီး ကိုယ့်အချစ်တွေကို တန်ဖိုးထားး အသိအမှတ်ပြုပေးရုံပါပဲ ...

ကိုယ့် အတ္တဆိုတာ .. ကိုယ့် ကို နားလည်ပေးမှုလေးပြန်လိုချင်တာလေးတခုပါပဲ ... ။

ကိုယ့်ကို နားလည်ပေးစေချင်တာလေး တခုပါပဲ ....

ကိုယ် သိပ် လွန် နေ လား . . . . . . . . . . . . .

အမတ ငယ် (၂၆.၀၂.၂၀၁၁)
 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner