နှစ်ချို့နေတဲ့ အိပ်မက်တချို့လည်း မိုးသောက်ယံဆီ မရောက်နိုင်သေးဘူး ....

ရင့်မှည့်နေသယောင် အတွေးအခေါ်တချို့လည်း မရင့်ကျက်ချင်ကြသေးဘူးလေ ...။



တကယ်တမ်း ဘာမှလက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ တိမ်တိုက်တွေကတော့ ခပ်ဝေးဝေးကကြည့်လေ လှလေပါပဲ ...။

၂၇နှစ်အရွယ် မိန်းမပျိုတစ်ယောက်ရဲ့ ရင်ထဲမှာ ကလေးလေးတယောက် ခုထိ မရင့်မကျက်ရှိနေသေးတယ်ဆိုတာ .... နားလည်နိုင်သူ တော်တော်နည်းပါတယ် ...။



သစ်ရွက်တွေတဖြုတ်ဖြုတ်ကြွေကြတယ် ....။ လေကြောင့်လည်းမဟုတ် မိုးကြောင့်လည်းမဟုတ် နှင်းကြောင့်လည်းမဟုတ်သလို ... သစ်ပင်အိုက မလိုချင်တော့တာလည်း မဟုတ်ခဲ့ပါဘူး ...။

သဘာဝ တရား (ဝါ) သစ္စာတရား ကြောင့် သစ်ရွက်တွေလည်း သစ်ပင်ကို စွန့်ခွာရသလို ... ကိုယ်လည်း နေ့ရက်အိုတွေတော်တော်များများကို မသိကျိုးကျွံ စွန့်ခွာခဲ့ပြီးပြီ ....။



၂၇နှစ်ဆိုတာ ကောင်မလေးမဟုတ်တော့ဘူး မိန်းမပျိုရေ ...



မင်းရင်ထဲက ကလေးလေးရဲ့ ဖြုစင်ရိုးသားမှု နဲ့ အချစ်တွေကို သိမ်းဆည်းရင်း မရင့်ကျက်ခြင်းနည်းနည်းပါးပါးပဲ သူ့နားမှာ ချန်ထားပေးလိုက်ပါ .....။

မလိုအပ်တဲ့ မရင့်ကျက်ခြင်းတွေကို (မင်းခင်တွယ်နေမှန်း ကိုယ်သိပေမယ့်) စွန့်လွှတ်လိုက်ပါတော့ မိန်းမပျိုလေးရေ ...

မင်းက ကောင်မလေးမှမဟုတ်တော့ပဲလေ ... လိမ္မာတယ်နော် ....။



မင်းရဲ့ နှစ်ချို့ အိပ်မက်တွေကို မိုးသောက်ယံနဲ့ ထိတွေ့ပေးနိုင်ခွင့်ရအောင် ကြိုးစားပါ ...။

မင်းရဲ့ မရင့်မကျက်အတွေးအခေါ်တွေကို စွန့်လွှတ်လိုက်ဖို့ကြိုးစားပါ ...။

လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ တိမ်တိုက်တွေကို ငေးမောရင်းကုန်သွားမယ့်အချိန်တွေကို နှမြောပါ ....။



သစ်ရွက်တွေကလည်း ကြွေမြဲကြွေနေမှာပဲ ... နေ့ရက်တွေကလည်း အိုမြဲအိုကုန်မှာပဲ ...



မိန်းမပျိုလေးရေ .... မင်း ရင့်ကျက်ဖို့ အချိန်တန်ပြီ..... ။






~ ၂၇ နှစ်မြောက်မွေးနေ့ အမှတ်တရ ~

အမတ ငယ် (၀၉.၀၃.၂၀၁၂ - မနက် ၀း ၄၀ နာရီ)
 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner