ဒီသီချင်းကတော့ Vitas သီချင်းတွေထဲက ငယ် အကြိုက်ဆုံးသီချင်းပါ … ။ သူ့ကို Opera 2 နဲ့ စသိပြီး ဒီသီချင်းက ဒုတိယမြောက်သိတဲ့သီချင်းပါ ..။ ပထမဆုံးတခေါက်နားထောင်မိတဲ့ ညကတည်းက ဒီသီချင်းတပုဒ်တည်းဖွင့်ပြီး အိပ်ပျော်သွားခဲ့ရတဲ့သီချင်းပေါ့။ ဟိုတလောလေးကတင် သူ့အဖေအစစ် ဘယ်သူလဲဆိုတဲ့ ကိစ္စ လူသိရှင်ကြားဖော်ထုတ်ကြတာကို တွေ့လိုက်ရတော့ သူ့အတွက် စိတ်မကောင်းဖြစ်မိတဲ့အပြင် သူ့သီချင်းတွေထဲမှာ သူ့ဟန်ပန်တွေ သူ့အော်သံတွေကတဆင့် .. သူ့ရင်ထဲက ကြေကွဲမှုတွေကို ပိုပို နားလည် လာသလို ခံစားမိခဲ့တယ်။
အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ဟန်ပန်နဲ့ ခပ်ထေ့ထေ့စတိုင် ပြုံးတတ်တဲ့ သူ့အပြုံးတွေရဲ့ နောက်ကွယ်က သူ့ရဲ့ ကြေကွဲမှု ဝမ်းနည်းမှုတွေကို ဒီလို သီချင်းတွေ အော်သံတွေကနေ ဖွင့်ထုတ်ပစ်လိုက်တယ်လို့ပဲ ငယ် နားလည်လိုက်မိတယ်။

Vitas ရေ … ရှင့်သီချင်းတွေရဲ့ နောက်ကွယ်မှာ ကပ်ပါလာတဲ့ ဘယ်သူမှမသိတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေကို ကျွန်မ မြင်နေရတယ်ဆိုတာ ……

အဆုံးမဲ့ အနမ်း
ဆို - Vitas
ဘာသာပြန်ခံစား - Marzo Love

အဆုံးမဲ့အနမ်း ..
မင်းဆီ ပေါင်းကူးထားတဲ့ တံတားတစ်စင်းပေါ့ …
မင်းကြားနိုင်မယ်ဆိုတာ ငါသိပါတယ်ကွယ်… ။
မင်းအနားမှာ ရှိနေချင်လိုက်တာ …
ဘယ်ဆီမှာများလဲ ချစ်သူရယ် …။


စည်းတွေ အကွာအဝေးတွေက ကမ္ဘာတွေမက ဝေးလွန်းလှချည်လားကွယ် ..
လက်တွေ့မှာ သိပ်ခက်ခဲနေလား။
ငါတို့ စိတ်ချင်း ဆက်သွယ်ကြမယ် …။

အနမ်း …  ငါ့အနမ်းတွေ မင်းဆီ ပျံသန်းလာနေပြီ ..
ကမ္ဘာဆုံးသည်အထိ .. ဒီဇင်ဘာရဲ့ နှင်းတွေနဲ့ အတူတူပေါ့ ..။
အနမ်း … ငါ့အနမ်းတွေ မင်းဆီ ပျံသန်းလာနေပြီ ..
ဖမ်းဆုပ်လိုက်၊ သိမ်းထားလိုက်ပါ …
ငါ မင်းနားမှာ အမြဲတမ်းရှိနေတယ်ဆိုတာ မမေ့ပါနဲ့ ချစ်သူ။


ဆောင်းဦးရာသီနဲ့ နွေဦးရာသီကြားက
အဆုံးမဲ့ အနမ်း …
ညကြီးမင်းကြီး သုံးနာရီ မှာတောင် မယုံကြည်နိုင်လောက်အောင် ငါ မင်းအနားရှိနေတယ် ချစ်သူ။
စည်းတွေ အကွာအဝေးတွေက ကမ္ဘာတွေမက ဝေးလွန်းလှချည်လားကွယ် ..
လက်တွေ့မှာ သိပ်ခက်ခဲနေလား။
ငါတို့ စိတ်ချင်း ဆက်သွယ်ကြမယ် … ချစ်သူ။

~Marzo~ |03/11/2012 3:01 AM|

သီချင်းလေးကို ခံစားချင်သူများအတွက် http://www.youtube.com/watch?v=NEuknOymlkQ&feature=related

0 comments:

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner