အခန်း ၂။

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့...

'နေနိုင်... ဒီနေ့ မီးစထွန်းမှာနော် .. နင် သူငယ်ချင်းတွေနဲ့လျှောက်သွားမနေနဲ့ဦး.. ၇ နာရီရောက်အောင် ပြန်လာခဲ့... '
'အေးပါ ... မေ့ ပါဘူး သိပါတယ်.. ပြန်လာခဲ့မယ်နော်... နင် စောင့်နေ'

အပြုံးလေးနဲ့ ငယ့်မျက်လုံးကို စိုက်ကြည့်ပြီးပြောလိုက်တဲ့ သူ့ စကားကို သူက မြန်မာလိုပဲ ပြောလိုက်ပေမယ့် ငယ် မနည်း မြန်မာလိုဘာသာပြန်လိုက်ရတယ်လေ...။ သူအဲ့လိုစိုက်ကြည့်လိုက်ရင် ကမ္ဘာကြီးတခုလုံး တိတ်ဆိတ်သွားတတ်လွန်းပြီး ဘာသံကိုမှ ငယ် မကြားနိုင်တော့လောက်အောင် သူ့ဆီမှာ ပျော်ဝင်သွားနေကြလေ..။

'ငယ်.. ငါပြောနေတာကြားရဲ့လား... '
'ဟေ.. အေး ကြားသားပဲ.. နင်သာမမေ့ပါနဲ့..'
'အေးပါ.. မေ့ပါမလား သီတင်းကျွတ်တိုင်း ငါတို့နှစ်ယောက် မီးတူတူထွန်းနေကျကို...'
'အေးပါ .. မမေ့လည်းပြီးရော..'

ငယ်ငယ်လေးကတည်းက ကစားဖော်ကစားဖက် ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်လေး ခုတော့ ရင်ခုန်ဖက် ချစ်ရသူလေးကို ဘယ်သူတွေ ဘယ်လောက် အပြစ်တင်တင် ဘယ်သူတွေ ဘယ်လောက်မကောင်း ပြောပြော.. ငယ့်အတွက်တော့ သူက ကောင်းကင်လေ...။ ခါတိုင်းသီတင်းကျွတ်တွေလည်း မီးတူတူ ထွန်းနေကျပေမယ့် ဒီသီတင်းကျွတ် မီးအတူထွန်းဖို့ကို ငယ်ဘာလို့အဲ့လောက်မျှော်လင့်နေရတာလဲ...။ ငယ် ဆုတောင်းချင်နေတယ်လေ...။ ဆုမတောင်းတတ်တဲ့ ငယ်က ဒီသီတင်းကျွတ်မှာတော့ သူနဲ့တူတူ ဆုတောင်းချင်နေတယ်... ။ သူတောင်းမယ့် ဆုနဲ့ ငယ်တောင်းတဲ့ဆု ထပ်တူညီချင်နေတယ်လေ...။ နောက်ဘဝဆက်တိုင်း သူနဲ့ နှစ်ဖက်မိဘ ကြည်ကြည်ဖြူဖြူ နဲ့ ထာဝရမခွဲတမ်း လက်တွဲနိုင်ဖို့ ငယ် သူနဲ့ အတုတူ ဆုတောင်းချင်ခဲ့တယ်...။ ဘာဖြစ်လို့လဲဆိုတော့ ငယ့် မေမေ တို့က သူ့ကို သားအရင်းလို ချစ်ပေမယ့် သားမက်တော့ မတော်နိုင်ဘူးဆိုတာ ငယ် သိနေတာပဲလေ..။
ငယ့်အတွက်တော့ မေမေက ဘာနဲ့မှ မလဲနိုင်တဲ့အရာလေ.. မေ ဖြစ်စေချင်ခဲ့တဲ့ ဆရာဝန်ဘဝကို မပေးနိုင်ခဲ့တကတည်းက မေ့ ကို စိတ်ဆင်းရဲအောင် ဘယ်တော့မှ မလုပ်ဘူးလို့ သံန္နိဋ္ဌာန် ချထားခဲ့တဲ့ ငယ့် အဖို့ သူ့ကို ချစ်ပါတယ်ဆိုတဲ့ စကားကို ငယ်ဘယ်လို ပြောထွက်မလဲ...။ ငယ့်ကို ချစ်တဲ့စိတ်နဲ့ မေတို့လက်ခံလာနိုင်အောင် ကြိုးစားလိမ့်မယ်လို့ ငယ် ယုံကြည်နေပါတယ် ချစ်သူရယ်...။
*****

'ငယ် ... အဆင်သင့်ဖြစ်ပြီလား..'
'အလဲ့... အချိန်အတိအကျ ပြန်ရောက်လာသားပဲ..'
'အမယ် .. ငါမမေ့ပါဘူးနော်...'
အင်းပါ ပြီးရော...'
'လာ.. သွားထွန်းရအောင် '

ငယ်က သီတင်းကျွတ်ဆို လျှပ်စစ်မီးနဲ့ ထွန်းရတာ မကြိုက်ဘူး ...။ ဖယောင်းတိုင်မီးကိုပဲ ထွန်းတယ်။ ခြံဝင်းတစ်ခုလုံးကို ပတ်ထွန်းတယ်လေ.. ငယ် မမှီတော့တဲ့နေရာတွေဆို နေနိုင်က ထွန်းပေးတယ်..။ မီးရောင်လဲ့လဲ့တွေအောက်မှာ ငယ့်ချစ်သူက ငယ့် အတွက် တကယ့်နတ်သားလေးပါ...။ သူ့နှုတ်ခမ်းပုံစံကိုကြိုက်တယ်။ သူ့သွားစွယ်လေးတွေကိုကြိုက်တယ်..။ သူ့ စကားပြောဟန်ကို ကြိုက်တယ်..။ ချစ်သူရယ် ... ငါ နင့်နားမှာပဲ ထာဝရနေခွင့်ရပါရစေ...။

'ဟိတ်.. ချစ်ရင် ချစ်တယ်ပြော ငါ့ကို အဲ့လောက်ကြည့်မနေနဲ့...'

အယ်.. သူပြောမှ အလန့်တကြားပြန်သတိဝင်လာတယ်လေ..။

'ဟာ ဟ.. နင့်ကိုများ ချစ်နေဦးမယ်.. ဟွန်း..'
'အေးပါ.. အေးပါ.. ဟား.. ဟား..'

ရှက်ရှက်နဲ့ငယ့်မျက်နှာတခုလုံး ပန်းရောင်သန်းသွားတာ သူ မသိလောက်ပါဘူးလေ.. မီးရောင်နဲ့ရောနေမှာပဲနော့်..။ ငယ်တို့ မီးထွန်းနေတဲ့နေရာက မှောင်ရိပ်နည်းနည်းကျနေတယ်လေ..။ ခြံရဲ့ အစွန်ဘက်နားဆိုတော့.. ။

'အောင်မယ်.. ဘာရီတာလဲ.. နေနိုင် နင်နော်..'
'ဘာလဲဟ.. ငါ ဘာသာရီတာ.. ဒီနေရာမှာ ဘယ်သူမှမမြင်ဘူးနော် ဘာမှတ်လဲ'
'အောင်မယ်.. နင် သတ္တိရှိရင်လုပ်ကြည့်လိုက်လေ'
'မရှိပါဘူးဗျာ.. သတ္တိမရှိပါဘူး.. နင် ဆန္ဒမပါပဲ ငါ နင့်ကို လက်ဖျားနဲ့တောင် မတို့ပါဘူးဟာ.. စိတ်ချပါ။'

ငါ ယုံပါတယ် ချစ်သူရယ်.. တကယ်ဆို င့ါအိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ရထားတဲ့နင်က ငါ့လက်ဖျားလေးကိုတောင် မထိဖူးခဲ့တဲ့ နင့်ရဲ့ ကိုယ်ကျင့်တရားကို ငါယုံတာပေါ့ နေနိုင်ရယ်... ငါနင့်ကို အဲ့တာတွေကြောင့် ပိုပိုချစ်နေရတာပေါ့ချစ်သူရယ်....။

'ဟဲ့ မောင်နှမ နှစ်ယောက် မှောင်ထဲမှာ မြွေပါးကင်းပါးနဲ့'
'ဟုတ် မေမေ'
'ဟုတ် အန်တီ'

ငယ်တို့နှစ်ယောက် ပြိုင်တူအော်ရင်း မေ့ဆီသွားလိုက်ကြတယ်..။ မေ စိတ်မချလို့လိုက်လာတယ်ဆိုတာ ငယ်ရော သူရော နားလည်ကြပြီးသားပါ..။

မေမေက 'နင်တို့ မီးတွေသာထွန်းတာ ဆုရော တောင်းကြရဲ့လား..'
'ဟုတ်လား.. ဆုတောင်းရတယ်လား .. ငယ် သိဘူး..'
'အေး.. ဆုတောင်းရင်းထွန်းရတယ်တဲ့..'
'ကဲ ကဲ.. မောင်နှမနှစ်ယောက်ဆက်ထွန်းကြဦးနော့်...' ပြောရင်းဆိုရင်း မေမေ အိမ်ထဲဝင်သွားတယ်..။ ငယ်တို့နှစ်ယောက်လည်း တယောက်ကို တယောက်ပြုံးကြည့်မိကြတယ်..။ ဘာကြောင့်ပြုံးတာလဲ လို့ နင်မမေးခဲ့တာတော်သေးတာပေါ့...။ နင်သာမေးခဲ့ရင် ငါ့မှာ ဖြေစရာမရှိခဲ့ဘူး ချစ်သူရယ်..။

'ဟဲ့.. ကြားလား ဆုတောင်းပြည့်တယ်တဲ့.. ငါတော့ခုနက ဆုတောင်းလိုက်ပြီ... နင်ရော ဆုမတောင်းဘူးလား..'
'အင်း..... တောင်းတယ်'
'ဘာတောင်းလဲ'
'ဘဝဆက်တိုင်း နောက်ထပ် ဒီလိုအဖြစ်မျိုးနဲ့ မကြုံပါရစေနဲ့လို့..'

အမတငယ်
၂၈ ဇူလိုင် ၂၀၀၉ 4:55 PM

ဆက်ရန်...

5 comments:

မေဇင် said...

ဟယ်..... ဘယ်လိုများ ဇတ်သိမ်းလိုက်မလဲ လို့ကွယ်.... စာရေး တကယ်ကောင်းတယ်နော်.... အားပေးနေမယ်နော်...။

ဇော် said...

အယ်
စာရေးကောင်းတဲ့အိမ်ဆိုရင် မမဇင်တို့က ထိပ်ဆုံးကရောက်နှင့်နေရောဗျိုးးး။ =)

ကျနော်လဲ အရမ်းကြိုက်သွားတယ်ဗျ။ ဇာတ်လမ်းလေးက ဆွဲဆောင်လှချေလားနော်။ ဆက်ရန်ကိုတောင် သိပ်မစောင့်ချင်တော့ဘူး။ ဟီဟိ။

ငှက်ကလေး said...

အယ် ရင်ထဲကိုနင့်နေတာပဲ မမရေ ဆက်ရေးဦးနော် အားပေးနေမယ် သိလား

ဇီးကုန်းသာယာ said...

အင်း... နေနိုင်... နေနိုင်.... :P

လူရိုင်းလေး said...

အရေးအသားလေးက တော်တော်လေးကို ကောင်းပါတယ် ခင်မျာ ဆက်ရန်လေးကို စောင့်နေပါ့မယ်

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner