အခန်း (၃)။

ငယ်က ညနေခင်းနေဝင်ချိန်လေးကို အရမ်းကြိုက်တယ်..။ အဲ့ဒီအချိန်လေးမှာ ပန်းလေးတွေက ပိုမွှေးနေပြီး.. လေတွေကလည်း ပိုလတ်ဆတ်နေတယ်လို့ ထင်တယ်လေ..။ အဲ့တာကြောင့်လည်း ညနေဆည်းဆာချိန်ကို စာဖွဲ့ကြတာ ဖြစ်မယ်ထင်တယ်..။ ညနေခင်းလေးရဲ့အရာအားလုံးကို ငယ်ချစ်တယ်။ ကောင်းကင်ပြာပြာလေးမှာ အုပ်စုဖွဲ့ပြန်သွားတဲ့ ငှက်တွေကို လိုက်ကြည့်ရင်း သူတို့ပျံသန်းတဲ့ပုံစံလေးတွေကို လိုက်ကြည့်နေရတာလည်း ပျော်တယ်..။ လေထုလတ်လတ်ဆတ်ဆတ်ကလေးကို ရှုရတာလည်း ပျော်တယ်..။ နောက်ပြီး... ညနေခင်းတိုင်း ငယ်တို့ခြံထဲက ဒါန်းလေးပေါ်မှာ ထိုင်ပြီး ငယ့်ကောင်းကင်လေးနဲ့ စကားပြောရတာလည်း ပျော်တယ်.. ။ ဒီနေ့ညနေလည်း ခါတိုင်း ဆည်းဆာတွေလိုပဲ လှပနေမယ်ဆိုတာ ငယ်သိတယ်လေ...။ ငယ် ဒါန်းပေါ် ထိုင်နေတာကို သူ့အိမ်ဝရန်တာ ကနေ လှမ်းတွေ့ရင် ဆင်းလာနေကျ ငယ့်ကောင်းကင်လေးက ခုလည်း ညနေခင်းလေညင်းလေးနဲ့ အတူ ငယ့်ကို ဒါန်းလွှဲပေးဖို့ ရောက်လာပြန်ပြီလေ...။ ငယ့်ကောင်းကင်လေးကလေ ငယ်ဒါန်းပေါ်ထိုင်နေရင် သူဘယ်တော့မှ ငယ့်နားမှာဝင်မထိုင်ဘူး.. ဒါန်းဘေးမှာရပ်ပြီး ငယ့်ကို ဒါန်းလွှဲပေးနေကြ..။ ငယ်က ဒါန်းကို အရမ်းလွှဲစီးရတာကြိုက်တယ် ။ သူက အဲ့လိုစီးတာမကြိုက်ဘူး... ။ သူရှိနေရင် ငယ်ဘယ်တော့မှ ဒါန်းကို အရမ်းကြီးလွှဲစီးလို့ မရဘူး..။ သူက ဖြည်းဖြည်းမှန်မှန်လေး လွှဲပေးနေကျလေ..။

'ငယ်..'
'အင်း...'
'ငါ မနက်ဖြန် ခရီးထွက်မလို့..'
'ဟင်.. ဘယ်သွားမှာလဲဟ နင်ကလည်း...'
'အင်း... ဟုတ်တယ်... နင့်ကို ငါ ပိုင်ဖို့ ငါ့လက်ထဲမှာ ငွေတွေ အများကြီးရှိမှရမှာ... '

အကြာကြီးတိတ်ဆိတ်သွားတယ်..။ ဒီနေ့ညနေက အရင်ဆည်းဆာတွေလို မလှတော့သလိုပဲ.. ။ ကောင်းကင်မှာ ငှက်တွေလည်း မရှိတော့ဘူး..။ ရနေကြ မေမေစိုက်ထားတဲ့ ခြံထောင့်က စံပယ်ပင်ကလည်း ပန်းတွေပွင့်နေရဲ့သားနဲ့ ခါတိုင်းလို ဘာလို့မမွှေးတော့တာလဲ..။ လတ်ဆတ်တဲ့လေညင်းတွေ မတိုက်တော့လို့လား.. ငယ် အသက်ရှုမဝသလိုပဲ...။ ချစ်သူရယ်... နင်နဲ့ငါ့ကြားမှာခြားနေတာ ငွေ မှမဟုတ်တာ..။ နင် ငါ့ကို အထင်လွဲနေပြီ..။ နင် မေမေတို့လက်ခံလာအောင်ကြိုးစားလေ..။ နင် ကျောင်းဆက်တက်လေ..။ အရင်လို ဆိုးမနေနဲ့တော့လေ..။ သမီးတစ်ယောက်ကို စိတ်ချလက်ချ အပ်နိုင်လောက်တဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင် ကြိုးစားလေ...။ ငါ ပြောချင်နေတယ်... ဒါပေမယ့် ငါ့လည်ပင်းမှာ ဘာခံနေလဲ..။ ငါမသိဘူး..။ ငါ ဘာလို့ ပြောလို့မထွက်နေတာလဲ..။ ငါမသိဘူး..။ မိန်းမတစ်ယောက် ပြင်ပေးမှ လမ်းမှန်ရောက်တဲ့ ယောက်ျားမျိုး နင့်ကို မဖြစ်စေချင်ဘူး...။ ငါ့ချစ်သူက အဲ့လို သူ့ကိုယ်သူ ပြုပြင်နိုင်တာ တွေ့လား ဆိုတာမျိုးကို ငါက ပြောချင်တာ...။

'နေနိုင်... နင် မှားနေပြီ...'
'ဘာမှားလို့လဲ.. ငွေ မရှိလို့ အန်တီတို့ကလက်မခံနိုင်တာ.. အန်တီလက်မခံဘူးဆိုတာ နင်သိနေလို့ နင် ငါ့.. ကို'
'မဆိုင်ပါဘူးဟာ... ငါဘယ်တော့မှ လူတစ်ယောက်ရဲ့တန်ဖိုးကို ငွေနဲ့မတိုင်းဘူး... မေမေတို့ကလည်း ငွေမက်တဲ့လူတွေ မဟုတ်ဘူး..'
'ဆိုင်တာပေါ့... ငွေမရှိရင် နင်နဲ့ငါနဲ့ မဖြစ်နိုင်ဘူး...'
'နေနိုင်.. လောကကြီးမှာ မဖြစ်နိုင်တာမရှိဘူး.. မဖြစ်သေးတာပဲရှိတယ်... နင်မှတ်ထား.. '

အဲ့ဒီနေ့ညနေက အကျည်းတန်လိုက်တာ... တိမ်တွေလည်းတောက်လို့... ။

သူက ငယ့်ကို သူ့ကောင်းကင်လို့တင်စားတယ်...။ ငယ့်အတွက်ကလည်း သူ့ကို ငယ့်ကောင်းကင် ဖြစ်စေချင်တယ်..။ ငယ်အမြဲတမ်း မော့ကြည့်နေချင်ခဲ့တယ်..။ လေးစားစွာမြတ်နိုးချင်တယ်..။ ငါ့ချစ်သူက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သူ လမ်းမှန်ပေါ်တက်လျှောက်ခဲ့တာလို့ သူ့အစားဂုဏ်ယူချင်တယ်..။ သူက ငယ့်လက်အကမ်းကို စောင့်ခဲ့တယ်..။ ငယ်ထူမှ သူထချင်ခဲ့တယ်..။ ငယ့်ဘဝကို ဦးဆောင်မယ့်သူက ငယ်ထူမှ ထနိုင်မှာတဲ့လား... ။ ငယ့်ချစ်သူ ငယ့်ကောင်းကင်ကို အဲ့လို မဖြစ်စေချင်ဘူး..။ ငယ့်ကို အရာရာမှာ ဦးဆောင်နိုင်သူ ဖြစ်စေချင်တယ်လေ...။ ငယ် မှားခဲ့လား..။

အဲ့ဒီလိုနဲ့ နားလည်မှုလွဲခဲ့တဲ့သူနဲ့ငယ်....
အဲ့ဒီနားလည်မှုလေးကို သူ့ဖာသာပြန်ပြင်လာချိန်ထိ စောင့်ခဲ့မိတဲ့ငယ့် အမှားလား...။ တခုခုဆို ပြောဖို့တွန့်ဆုတ်တတ်ခဲ့တဲ့ ငယ့်အကျင့်ကြောင့်လား.. ဒါမှမဟုတ်.. ငါလိုချင်တာ ငွေမဟုတ်ဘူးလို့ ပြောတိုင်း နင်ငါ့ကို ဘာဖြစ်စေချင်လဲဆိုတာ ငါသိပါတယ်ဆိုပြီး ငယ်လိုချင်တဲ့ပုံစံရောက်အောင် မလုပ်ခဲ့တဲ့ သူ့အမှားလား...။ သေချာတာတခုကတော့ ငယ်တို့ အချစ်တွေမှားခဲ့ကြတယ်...။ သူဆိုနေကြ ဆောင်းဦးလှိုင်သီချင်းလေးလိုပဲ... ငယ်တို့ အချစ်တွေ မှားခဲ့ကြတယ်လေ....။

*****

ဆောင်းတွင်းဆည်းဆာကပိုလှတယ်ထင်တယ်...မှောင်လွယ်တာတခုပဲ...။ဆည်းဆာလေးကြာကြာမခံတာတခုပါပဲ...။ နည်းနည်းအေးနေပေမယ့် အကီင်္ျထူထူ ထပ်မဝတ်ချင်သေးလို့ ဂါဝန် ကားကား အရှည်ကြီးတွေကို နှစ်ခြိုက်တတ်တဲ့ငယ်က အဲ့ဒီနေ့ကလည်း ထီးစကတ်ဖားဖားကြီးကို လေထဲမှာဝဲသွားအောင် ဒါန်းစီးနေတယ်လေ.။ ဒီနေ့ညက လကွယ်ပေမယ့်.. ငယ့်ကောင်းကင်က လမင်းကြီးကတော့ ညနေစောင်းကတည်းက သူ့ဝရန်တာကနေ ငယ့်ကို လှမ်းကြည့်နေလေရဲ့...။ ဘာကြည့်နေတာလဲ လို့လှမ်းအော်မှ ပြုံးပြီး အိမ်ထဲဝင်သွားခဲ့တယ်.. ငယ့်ဆီလာတော့မယ်.. သိသားပဲ..။

'အေးတယ်ဟ..'
စကားသံနဲ့အတူ ဒန်းနားရောက်လာတဲ့သူနဲ့အတူ ဝေ့တိုက်လာတဲ့လေညင်းလေးမှာ သူသုံးနေကျ ခေါင်းလိမ်းဆီနံ့လေး ရလိုက်တယ်...။ ပြီးတော့ အရှိန်ရနေတဲ့ဒါန်းကို ထိန်းလိုက်ပြီးငယ့်ကို ဖြေးဖြေးလေးလွှဲပေးတယ်...။ နေနိုင်ရယ်.. ငါ နင့်ကိုချစ်လိုက်တာ...။

'ဆောင်းတွင်းပဲဟာကို .. အေးမှာပေါ့.. ဟွန်း..'
'အေးလေ.. အဲ့တာကို ဘာလို့ အနွေးထည်ထပ်မဝတ်တာလဲဟာ.. နင် ဖျားမယ်'
'ဖျား ဖျားပေါ့.. ကောင်းတောင်ကောင်းသေး.. အဲ့တာမှ မေကြီး ငယ် ဘာစားချင်လို့.. ဟိုဟာစားချင်လို့.. ဒီဟာစားချင်လို့နဲ့ ချွဲလို့ရမှာ.. ဟိ'
'အေးပါ.. အေးပါ.. ချွဲချွဲ.. နော်.. ဟွန်း... '

'ငယ်..'
'နေနိုင်..'

ပြိုင်တူခေါ်မိလိုက်လို့ ပြိုင်တူပဲ ပြုံးလိုက်မိတယ်..

'နင် အရင်ပြော...'
'နင် အရင်ပြော...'

ဒီတခါတော့ နှစ်ယောက်စလုံး မရီပဲမနေနိုင်တော့ဘူး....
ငယ်ကပဲ..
'အေးပါ .. ငါပဲ အရင်ပြောမယ်.. နင့်အပေါင်းအသင်းတွေထဲက တချို့တွေကို ငါမကြိုက်ဘူးနော်...'
'အေးပါ.. ငါ သိပါတယ်.. '
'အေး.. ဒါဘဲ.. နင် အရက်သောက်တာ ဆေးလိပ်သောက်တာ ငါဘာမှမပြောဘူးနော်... အဲ့တာတော့လုံးဝမပါစေနဲ့.. '
'အေးပါဟာ.. ငါသိပါတယ် .. မလုပ်ပါဘူး...'
'အင်း..ပြီးရော...'
'ကဲ.. အိမ်ထဲဝင်တော့ အပြင်မှာအေးနေပြီ.. ဦးထုပ်လည်း မဆောင်း.. အနွေးထည်လည်းမဝတ်နဲ့... ပြောလို့ဆိုလို့ကို မရဘူး..'
'အင်း.. နင်လည်းလိုက်ခဲ့လေ.. အိမ်ထဲကို.. မေမေတောင်နင့်ကိုမေးနေသေးတယ်.. နင် အဲ့ကောင်တွေနဲ့ပေါင်းနေတယ်ဆို တဲ့..'
'အေးပါ.. မေမေစိတ်ချအောင် ငါလိုက်ပြောပါ့မယ်'
'အောင်မာ... ဟွန်း.. သူများမေမေကိုများ.. သူက မေမေ တဲ့..'

နင်နဲ့မေမေနဲ့ တသက်လုံးအဲ့လိုလေး ငါ့အနားမှာရှိနေပေးရင် ငါသေပျော်ပါပြီ ချစ်သူရယ်....။
*****

အမတငယ်
၃၀ ဇူလိုင် ၂၀၀၉ 7:30 PM
က

ဆက်ရန်..

3 comments:

လူရိုင်းလေး said...

ဘာဆက်ဖြစ်အုံးမှာလဲ မသိဘူးနော် အဆုံးထိဖတ်သွားတယ်
နောက်ဆက်တွဲကိုဆက်လက်စောင့်မျှော်နေပါတယ်

ဝက်ဝံလေး said...

သနားတယ် မမရယ် သက်ပြင်းသာ ချသွားလိုက်ပါတယ် စိတ်မကောင်းသလိုပဲ ဆက်ရေးပါဦးနော်

မေဇင် said...

အာ.... ငယ် ရေ.... ဆက်ရေးလေကွာ.... တို့ အဆုံးထိ ပြီးအောင် ဆက်ဖတ်ချင်တယ်....။ အရမ်း စိတ်ဝင် စားနေပြီနော်...။

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner