အခန်း ၄။

ငယ်တို့သူငယ်ချင်းအုပ်စုတွေ ထိုင်နေကြ အသုပ်ဆိုင်လေးက လူငယ်တွေ ထိုင်နေကျဆိုင်လေးပါ...။ ငယ်တို့သူငယ်ချင်းတွေလည်း အားရင် အဲ့ဒီဆိုင်မှာပဲ ချိန်းကြတာများတယ်လေ..။ ခုလည်း ကျောင်းပိတ်တုန်း ကျောင်းတွေကွဲသွားတဲ့ သုငယ်ချင်းတွေနဲ့ ပြန်ဆုံ၊ အဟောင်းတွေ အတင်းတွေ ရင်ခုန်သံတွေအကြောင်း ရေပက်မဝင် လက်ပံပင်ဆက်ရက်ကျတာထက်ဆိုးအောင် ပြောနေကြတယ်..။ ဆိုင်ကလည်း ငယ်တို့ ၉ တန်း ၁၀ တန်း ကျုရှင် အပြန်ဆို ဝင်ထိုင်နေကြဆိုတော့ ငယ်တို့အုပ်စုအထာကို သိပြီးသားလေ...။ အဲ့လို ဇကောထဲ ဇီးဖြူသီးထည့်လှိမ့်သလို အလုအယက်ပြောနေကြစဉ် ဆိုင်ရှေ့လမ်းလေးထဲကို ဆိုင်ကယ်လေးစီး ဆူဆူညံညံနဲ့ဝင်လာတာကြောင့် ငယ်တို့ အသံတွေရုတ်တရက်တိတ်သွားတယ်..။ ဒါပေမယ့် သူတို့ဆိုင်ကယ်လေးစီးလည်း ငယ်တို့ထိုင်နေတဲ့ဆိုင်လေးနဲ့ ခပ်လှမ်းလှမ်းမှာရုတ်တရက် ရပ်သွားတယ်..။ ငယ်တို့အုပ်စုလည်း ဘာရယ်မဟုတ်ပဲ စကားဆက်မပြောဖြစ်ကြတော့ပဲ သူတို့ကို ကြည့်နေမိကြတယ်...။ ဒုတိယမြောက်ဆိုင်ကယ်ပေါ်ကနေ နောက်က ထိုင်လိုက်လာတဲ့ ကောင်လေးက ဆင်းပြီး နောက်က ဆိုင်ကယ်ကို တစုံတခုသွားပြောလိုက်ပြီး ငယ်တို့ဝိုင်းကို တချက်ပဲလှမ်းကြည့်ကာ အားလုံးပြန်လှည့်သွားကြတယ်....။ ငယ်ရှိနေလို့ နေနိုင်တို့ အုပ်စု ဝင်မလာကြတော့တာပါ...။ သူ သူ့သူငယ်ချင်းတွေကို ဘာသွားပြောလိုက်လည်း မသိပေမယ့် သေချာတာ ငယ် ရှိနေလို့ သူ ဝင်မလာတော့တာပါ...။

'ဟဲ့... အဲ့တာ နေနိုင်တို့ အုပ်စုပေါ့... လူမိုက်တွေလိုလို ဘာလိုလိုနဲ့...'

ငယ့်သူငယ်ချင်းလေး ထက်ထက်က စပြီး ရုတ်တရက်တိတ်သွားတဲ့စကားဝိုင်းကို ပြန်စလိုက်ပါတယ်..။

'အေး.. အဲ့ဆင်းပြီးပြောလိုက်တဲ့ကောင်က နေနိုင်ဆိုတဲ့ကောင်ပေါ့..'
'အေး.. ဟုတ်တယ်.. ဘာကောင်တွေမှန်းမသိဘူး... ဆေးတွေဘာတွေလည်းလုပ်သလို ဘာလိုလိုကြားတယ် သိလား..'
'အေး.. ငါလည်းကြားတယ်.. ငါ့မောင်လေးကိုတောင် အဲ့ကောင်တွေနဲ့ပေါင်းရင် သတ်မယ်လို့ အိမ်က ကြိမ်းထားတယ်ဟ...'
'အလကားပါဟာ.. ဆန်ကုန်မြေလေးတွေ...'

နေနိုင်ရယ်... ငါ ဘာဝင်ပြောရမလဲဟင်...။ ငါ သူတို့ကို ဘာပြန်ပြောလိုက်ရမလဲ...။ နင့်ဘက်ကနေ.. ငါ တခုခု ပြောချင်နေတယ်..။ မဟုတ်ပါဘူး နင်တို့မသိပဲ မပြောပါနဲ့လို့ ငါပြောရမလား..။ အဲ့လိုပြောရအောင်လည်း သူတို့ပြောနေတာတွေက အမှားပါလို့ ငါဘယ်လိုသက်သေပြရမလဲ...။ ငါ တခုခု သူတို့ကို ပြောပစ်ချင်နေတယ်။ ငါ ဘာပြန်ပြောလိုက်ရမလဲဟင်..။ ငါ ဘာပြန်ပြောလိုက်ရမလဲ နေနိုင်..။ ငါ့ကို အဖြေတခုခု ပြောပြပေးပါလားဟင်... နေနိုင်ရယ်..။

'ဟဲ့... မိငယ်.. နင်ကလည်း ငြိမ်လှချည်လား ဘာလို့တိတ်သွားတာလဲ...'
'ဟင်...'

ငယ့်သူငယ်ချင်းလေးက ငယ့်ကို လှမ်းလက်တို့ရင်ပြောလိုက်မှ ငယ် အသက်ပြန်ရှုဖို့သတိရသွားတယ်...။ ပြုံးရုံပဲ ပြန်ပြုံးပြနိုင်တဲ့ အပြင် တကယ်ကို ငယ့်ဆီမှာ ဘာစကားမှပြောစရာ မရှိတော့ဘူး..။ တကယ်ကို ဘာမှ ပြောစရာမရှိတော့တာလေ...။ အေး ဟုတ်တယ် နင်တို့ပြောတာလို့ ငယ် ထောက်ခံရမှာလား...။ မဟုတ်ပါဘူးဟာ နင်တို့ကလဲ လို့ငြင်းရမှာလား..။

'မိငယ်... နင် မဟုတ်ကဟုတ်ကလုပ်လို့ကတော့ သေမယ်နော်.. ငါ အန်တီနဲ့တိုင်မှာ.. '

ငယ့်အကြောင်းအကုန်သိတဲ့ ထက်ထက်က ငယ် ဘာလို့တိတ်သွားလဲဆိုတာ ရိပ်မိသွားပြီး ငယ့်ကို warning ပေးတယ်လေ..။

'အေးပါ... ငါဘာလုပ်လို့လဲ နင်ကလည်း...'
'ဟဲ့ မိထက် မိငယ် နင်တို့က ဘယ်ရောက်သွားတာလဲ စကားက နေနိုင်တို့အုပ်စုအကြောင်းကနေ... ငယ်က ဘာလုပ်နေလို့ နင်က ဘာတိုင်မှာတုန်း'

ဘာမှမသိသေးတဲ့ ငယ့်သူငယ်ချင်းလေး တစ်ယောက်က မေးလိုက်မှ ထက်ထက်က..

'ဘာမှမဟုတ်ပါဘူးဟာ.. ထားလိုက်တော့ အဲ့ကောင်တွေအကြောင်းအချိန်ကုန်ခံပြီးပြောမနေနဲ့.. ဟဲ့ နှင်းခိုင်... နင့် ရဲ့ ကျောင်းဇတ်လမ်းလေး ဆက်ပါဦးဟ...'
လို့ ငယ့်ကို အဓိပ္ပါယ် တချို့ထည့်ထားတဲ့ အကြည့်နဲ့ လှမ်းကြည့်ရင်း စကားလမ်းပြန်လွဲပေးလိုက်မှ အသုပ်ဆိုင်လေးလည်း သီချင်းဖွင့်စရာမလိုပဲ ပြန်စည်ကားသွားတော့တယ်လေ...(စည်ကားသွားတယ် ဆိုတာထက် ဆူညံသွားတယ်ဆို ပိုမှန်မယ် )။ ငယ် တစ်ယောက်သာ မသိမသာတိတ်ဆိတ်သွားတာကို သတိထားမိသူက ထက်ထက် တစ်ယောက်တည်း...။

*****

'ဟဲ့... ငယ်..'
'အင်း ပြော..'
ဆိုင်ကယ်နောက်က တိတ်ဆိတ်စွာ လိုက်ပါလာတဲ့ ငယ့်ကို ထက်ထက်က လှမ်းခေါ်လိုက်တယ်..။ ငယ်က ဆိုင်ကယ်စီးတတ်ပေမယ့် ကြောက်တယ်..။ တခါမှ ပြင်းပြင်းထန်ထန်မလဲဖူးပေမယ့် သူများလဲတာတွေ မြင်ရတာနဲ့တင် ငယ် ဘယ်တော့မှ ဆိုင်ကယ် ကိုယ်တိုင်မမောင်းရဲဘူ။ အမြဲတမ်း သူငယ်ချင်းနောက်ကပဲ လိုက်တယ်..။ အမြဲတမ်းလိုက်တာ ငယ် အခင်ဆုံး အယုံကြည်ရဆုံး သူငယ်ချင်းလေး ထက်ထက်နောက်ကပဲပေါ့။ ခုလည်း ထက်ထက်က အသုပ်ဆိုင်က အပြန်ငယ့်ကို အရင်လိုက်ပို့တာ...။


'နင်နော်... ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့ဗျ..'
'ဘာလဲဟ..'
'ဘာ ဘာလဲဟ လဲ... အူကြောင်ကြောင် လုပ်မနေနဲ့...။ နေနိုင့်ကို ခေါင်းထဲက ထုတ်ပစ်စမ်းပါဟာ...'
'အင်းပါ... ဒါပေမယ့်ဟာ.. နင်တို့ အဲ့လောက်တော့ သူ့ကို အမြင်မစောင်းပါနဲ့ဟာ.. သူ့ဘဝ အခြေအနေကြောင့်ပဲကို... စောင့်ကြည့်ပါဦး..'
'ဘာ... ဘာ စောင့်ကြည့်ပါဦးလဲ.. ဘာ စောင့်ကြည့်ပါဦးလဲ.. စောင့်ကြည့်စရာကို မလိုဘူး.. တမြို့လုံးသိတယ်.. သူတို့အခုလည်း ဆေး ကိစ္စ မကင်းဘူးလို့ကြားတယ်နော်...'
'ဟုတ်လို့လားဟာ... သူက ပြောပါတယ်ငါ့ကို.. အဲ့တာတော့ မဟုတ်လောက်ပါဘူးဟာ.. တမင် အပုတ်ချနေကြတာနေမှာပါ.. မလိုတဲ့လူတွေက..'
'မိ ငယ်.. '

ထက်ထက် ငယ့်ကိုစိတ်တိုနေပြီ..။ ငယ်သိတယ်..။ ငယ့်ဘက်ကမလျှော့ရင် ရန်ဖြစ်ရင်ဖြစ် မဟုတ်ရင် မေ့ကို တိုင်တော့မယ်.. ငယ်သိတယ်...။

'အေးပါဟာ... နင်ကလဲ.. ဖြေးဖြေးအော်ပါ..'
'ဘာဖြေးဖြေးအော်ပါလဲ.. မိငယ်.. ဒါဘဲနော်..ငါ အန်တီနဲ့တိုင်မှာနော်...'
'အေးပါဟာ.. နင်ကလဲ .. သူနဲ့ငါနဲ့ကလည်း ရည်းစားလည်းမဟုတ်ပါဘူး ဟာ..'
'အေး.. ဒါဘဲ.. မျက်စိနောက်အောင် မနေနဲ့..'
*****

'အန်တီ.. ကျွန်တော် ဘာလုပ်ပေးရဦးမလဲ...'

ငယ် သီချင်းခွေကြည့်နေတုန်း နေနိုင်ဝင်လာရင်း မေ့ကို လှမ်းမေးလိုက်တယ်လေ... သူက လူလည်..။ ဝင်ဝင်လာချင်း ဘယ်တော့မှ ငယ့်ကို အရင်နှုတ်မဆက်ဘူး..။ မေ့ကို အရင်သွားဖောသေးတာ...။ မသိရင် မေ့ဆီပဲလာသလိုလို...။

'ရပါတယ်ရှင်... ကိုနေနိုင်... တော် ခုတလော ပျောက်ပျောက်နေပါ့လား..' မေမေက ဖြေလည်းဖြေ မေးလည်းမေး လှမ်းပြောလိုက်ပါတယ်...။
'ဟုတ် အန်တီ.. ကျွန်တော် ည အိပ်တာ ညနက်နက်သွားလို့ မနက် မထဖြစ်တာ...' ဖြေရင်း မေ မမြင်အောင် ငယ့်ကို ပုခုံးတွန့်ရင်း လျှာထုတ်ပြလိုက်တယ်...။ မေ က ဆေးခန်းထဲမှာ ဆေးဆိုင်ကလာပို့ထားတဲ့ ဆေးစာရင်းတွေစစ်ရင်း လှမ်းအော်ပြောနေတာဆိုတော့ ပြောရင်း ငယ်ရှိရာ ဧည့်ခန်းထဲ ဝင်သွားတဲ့နေနိုင့်ကို မမြင်တော့ဘူးလေ..။

'ငယ်..'
'ပြော...'
'Lလွန်းဝါ ရဲ့ လှည့်ကြည့်ပါဦး ဖွင့်ဟာ...'
'ဆိုင်းဇီ ဆိုထားတာပိုကောင်းတယ်ဟ..'
'အာ......... Lလွန်းဝါ ဖွင့်ပါဆိုနေ...'
'အေးပါ.. အေးပါ.. ဖွင့်ပေးပါ့မယ်ရှင့်...'

အဲ့တစ်ပုဒ်ထဲကိုပဲ repeat ထပ်ခိုင်းထားပြီး ငယ့်ကိုပဲထိုင်ကြည့်နေတဲ့ သူ့ကို ကြည့်ရတာ တစ်မျိုးဖြစ်နေသလိုပဲ။ အိပ်တာများသွားလို့လား... သူ့မျက်လုံးတွေက ခါတိုင်းလို တောက်ပမနေပဲ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့...

'ဟဲ့.. နေနိုင်.. နင် အိပ်ရေးမဝသေးဘူးလား..'
'ဟင်..'
'အိပ်ရေးမဝသေးဘူးလားလို့.. နင့်ကြည့်ရတာ အိပ်ချင်မူးတူးနဲ့... အိပ်ချင်နေရင်လည်း ပြန်အိပ်လေဟာ...'
'ဟုတ်ပါဘူး... အေး.. ဟုတ်တယ်.. ငါပြန်တော့မယ်ဟာ..'
'အင်... ဘာလဲဟ ဟုတ်ပါဘူး .. ဟုတ်တယ် နဲ့'

ပြောရင်းဆိုရင်းပြန်သွားတဲ့ သူ့နောက်ကျောကို ကြည့်ရင်း.. ငယ် တခုခုကို စိုးရိမ်မိလာသလိုပဲ...။ သူငယ်ချင်းတွေ ပြောတဲ့စကားတွေလည်း နားထဲမှာ ပဲ့တင်ထပ်နေသလို သူ့ရဲ့ ရီဝေဝေ မျက်လုံးတွေကိုပဲ ထပ်ခါတလဲလဲ မြင်နေမိတယ်...။ မဟုတ်ပါဘူး... ။ မဟုတ်ပါဘူး...။ မဟုတ်ဘူး...။
*****

အမတငယ်
၂ သြဂုတ် ၂၀၀၉ 12:30PM


ဆက်ရန်...

2 comments:

လူရိုင်းလေး said...

ဟဲ ဟဲ ဆက်တိုက်လေး လာအားပေးပါတယ်ခင်မျာ ဆက်ရေးပါအုံး
ဖတ်ပါအုံးမယ်

မေဇင် said...

ှုငယ်ရေ....သူ သူများ ထင်သလို မဟုတ်ပါစေနဲ့နော်..... ငယ် သူ့ကို ထိန်းနိုင်မှာပါ နော်...။

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner