အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့ လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး
“ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲ” လို့အော်ဟစ် အကူအညီတောင်းလိုက်တယ်။
ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့
ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်
ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။
ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက
“ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး
ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး
“ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်
ဘေးလူတစ်ယောက်က
“ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။
အဲဒီအချိန်မှာ ကလေးငယ်တစ်ဦးက ထွက်လာပြီး
“ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။
ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင်
မကြာတဲ့အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို
မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက
ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက -
“ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။
ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက
ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကို
ကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး
“ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့
အော်လိုက် တယ်။
“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ
အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့
“ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက်
မေးပြန်တယ်။
“ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ”
လို့ ကလေးက ပြန်ပြော လိုက်တယ်။

လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း
ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က
ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ
ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကို
အဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်
အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ
မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?


ဒီနေ့ညနေမှ ဒီစင်ကာပူက ငယ့်သူငယ်ချင်း ဆွေ (ဆွေဇင်မြင့်) ပို့လိုက်တဲ့ Forward Mail လေးပါ... ငယ်တခါတလေ Fwd mail တချို့ကို စိတ်ညစ်တယ်။ ဘာတွေမှန်းမသိလို့ Fwd mail ဆို သိပ်မဖတ်ဖြစ်ပါဘူး။ ဒီ Fwd လေးကတော့ ခေါင်းစဉ်လေး (Fwd: ကျေးဇူးစကား တစ်ခွန်းတော့ပြောပါ ) ကို မြင်လိုက်တာနဲ့စိတ်ဝင်စားသွားတယ်...။ ဘယ်သူကစရေးပြီး ဘယ်သူကစ fwd လုပ်တာလဲမသိပေမယ့် မူရင်းရေးတဲ့သူနဲ့ စပြီး fwd လုပ်ပေးတဲ့သူကိုကျေးဇူးပါ...။ ငယ် ဖတ်မိမိချင်းပဲ သဘောကျလို့ ငယ်ပြောချင်နေတာလေးလည်းရှိလို့ ငါ့ဘလော့မှာ တင်မယ်ဆိုပြီး ချက်ချင်းစဉ်းစားမိပါတယ်..။ အဖြစ်အပျက်လေးထဲကလိုပါပဲ..။ လူတစ်ချို့ (အထူးသဖြင့် ငွေကြေးတတ်နိုင်တဲ့ လူ့ ဘူဇွာ တချို့ ) က ကျေးဇူးစကားဆိုရမှာကို ရှက်တာလား.. မပြောချင်တာလား.. မလိုအပ်ဘူးလို့ထင်တာလား .. ငယ်စဉ်းစားလို့မရဘူး..။ ငယ်ကတော့ ကျေးဇူးစကားဆိုရတာ ရင်ထဲကကိုနှစ်သက်တာပါ..။ တခုခုဆို ကျေးဇူးနော်.. ကျေးဇူးပါရှင့်ဆိုတာ အကျင့်ကိုပါနေတာ...။ ဟုတ်တယ်လေ.. ။ ငွေပေးခိုင်းတာပဲဖြစ်ဖြစ် သူ့ဘက်က ငွေရချင်ရုံသက်သက်ကြောင့်လုပ်တာပဲဖြစ်ဖြစ် သူ ကိုယ့်ကို တစ်စုံတစ်ခု လုပ်ပေးလိုက်တယ်ဆိုကတည်းက သူ့အချိန် သူ့အင်အား ကို အသုံးပြုလိုက်ရတာပဲလေ...။ မှတ်မိသေးတယ် .. ငယ် နဲ့ ငယ့်သူငယ်ချင်းနဲ့ တက္ကသိုလ်တုန်းက ကျောင်းကအပြန်လမ်းမှာ လမ်းဘေးမှာထိုင်ပြီး ရောင်းနေတဲ့ ပဲမြစ်ပြုတ်သည်ဆီက ပဲမြစ် ဝယ်စားကြတယ်..။ သူ့ပဲမြစ်လေးတွေက တင်းပြီး ဆီသုတ်ထားတော့ ပြောင်နေတာပဲလေ..။ မြန်မာအစားအစာဆို အကုန်ကြိုက်တဲ့ငယ်က စားချင်လို့ဆိုပြီးဝင်ဝယ်တယ်...။ နေပူကျဲတဲမှာ ခမောက်ကလေးတစ်ခုပဲခေါင်းမှာဆောင်းထားပြီး ဖိနပ်ကို ခုထိုင်ထားတဲ့ ဈေးရောင်းသူ မိန်းကလေးကို ကြည့်ပြီး သနားတာလဲပါပါတယ်..။ ငယ်တို့နဲ့ ရွယ်တူလောက်ပဲ ရှိဦးမှာပါ... ။ (ဒါနဲ့စကားက ဘေးချော်တော့မယ်။ သိတယ် ကိုယ့်ကိုယ်ကို.. )။ အဲ့တာနဲ့ ငယ် လည်း ခါတိုင်းလိုပဲ ဝယ်ပြီးသူက ပဲမြစ်ထုပ်လေးနဲ့ ငွေအကြွေပြန်အအမ်းကို လှမ်းယူရင်း ငယ့်ပါးစပ်က အလိုအလျောက် "ကျေးဇူး" လို့ ပြောလိုက်တယ်..။ ဈေးသည်လေးကလည်း ပြူံးပြီး ကျေးဇူး ပေါ့...။ ငယ်တို့ဆက်ထွက်လာရင်း လမ်းတဝက်မှာ ငယ့်သူငယ်ချင်းက "နင်တော့ ငါ့အဖေနဲ့ဆို အဆဲခံရတော့မယ်" တဲ့... ။ ငယ်လည်း အူကြောင်ကြောင်နဲ့ "ဟ.. ဘာဖြစ်လို့တုန်းဟ အရင်းမရှိအဖျားမရှိနဲ့" ပေါ့...။ သူက
"နင်ခုနတုန်းက ဈေးသည်ကို ဘာပြောလိုက်လဲ"
"အွန် ဘာပြောလို့လဲ..."
"နင်ပဲ ကျေးဇူးဆို"
"အေးလေ... အဲ့တာဘာဖြစ်လဲ"
"ဟ.. သူက ငွေလိုချင်လို့ရောင်းတာ... သူ့ကုန်ပစ္စည်းကို နင်ကဝယ်တာ.. နင့်ကိုတောင်ပြန်ကျေးဇူးတင်ရဦးမှာကို" တဲ့...
အဲ့သူငယ်ချင်းက ငယ့်အချစ်ဆုံးသူငယ်ချင်းပါ... ၅ တန်းကနေ တက္ကသိုလ် ပထမနှစ်အထိ တွဲလာခဲ့တဲ့ စိတ်တူကိုယ်တူသူငယ်ချင်းပါ...။ သူအဲ့လိုပြောလိုက်တော့ ပထမ ငယ် အံ့သြသွားတယ်..။နောက် သူ့ဖေဖေကို နည်းနည်းစိတ်ထဲမှာ impression down သွားတယ်.. ။ သူတို့မိသားစုက ငွေကြေးအတော်အတန်ပြည့်စုံတဲ့မိသားစုပါ... ပွဲရုံလုပ်ငန်းလုပ်တယ်...။ ငယ်တွေးမိလိုက်တာက ငွေရှိတဲ့လူတန်းစားတွေက သူတို့ငွေရှိလို့ သူတို့ငွေပေးနိုင်လို့ ကျန်တဲ့လူတွေက သူတို့ကိုပဲကျေးဇူးတင်ရမယ်များထင်နေလား မသိဘူးလို့ပါ..။ ငယ်တကယ်ပဲ အဲ့လိုချက်ချင်းတွေးမိလိုက်တာပါ...။ တကယ်ပဲ သူတို့ခေါင်းထဲမှာအဲ့လိုအတွေး ရှိနေကြတာလား...။ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလေးက မိနစ်ဝက်တောင်မကြာပါဘူး... အဲ့စကားလေးပြောလိုက်လို့လဲ ဘာကူးစက်ရောဂါမှ မကူးစက်မဝင်ရောက်နိုင်ပါဘူး..။ နှလုံးလည်းအားနည်းမသွားပါဘူး.. ။ ဦးနှောက်လည်း ချို့ယွင်းမသွားပါဘူး...။ လေကုန်သွားတယ်လို့ ပြောဦးမယ်ဆိုရင်တော့ သူ့တို့တနေ့တနေ့ပြောနေတဲ့ အရည်မရ အဖတ်မရ အတင်းအဖျင်းတွေ.. အလိမ် အညာတွေ ... ဟန်ဆောင်စကားတွေမှာ အလဟဿကုန်ဆုံးသွားတဲ့ လေတွေထက်တော့ တန်ဖိုးရှိပါတယ်...။ ငယ့်သူငယ်ချင်းကိုလည်း ငယ်ဘာမှမပြောလိုက်ပါဘူး .. ။ "ပြောလိုက်လို့လည်း အပန်းမှမကြီးတာပဲဟာ" လို့ပဲပြောလိုက်ပါတယ်...။ ပြောလည်း ရန်ဖြစ်ဖို့ကလွဲပြီး အကျိုးမထူးဘူးလေ...။ သူနဲ့ငယ် အဲ့ကိစ္စကိုလည်းဆက်အငြင်းမပွားဘူး... သူလည်းသူ့ဘာသာ နေသလို ငယ်လည်း ငယ့်ဘာသာ ကျေးဇူးလို့ ပြောနေမြဲပါ...။ ခုထက်ထိ.. ငယ်သတင်းစာဝယ်ရင်တောင် " Thank you. Bye Bye " ဆိုတာပြောနေကြပါ... ။

သူငယ်ချင်းတို့ရယ်.... ကျေးဇူးစကားဆိုရတာ ဘယ်လောက်များပင်ပန်းလဲ...။ စိတ်ဓာတ်ခွန်အား ကာယအင်အား တခုခုများချို့ယွင်းပျက်စီးသွားလို့လား... ။ ကမ္ဘာပေါ်မှာ "အားနာလိုက်တာ" ဆိုတဲ့စကားက ငယ်သိသလောက် မြန်မာလုမျိုးမှာပဲရှိပေမယ့်.. "ကျေးဇူးတင်ပါတယ်" ဆိုတာတော့ လူမျိုးတိုင်းမှာ ရှိပါတယ်...။ ဒါကိုကြည့်ရင် အားနာတတ်ဖို့ လူမျိုးတိုင်းနားမလည်ပေမယ့်.. ကျေးဇူးတင်ဖို့ လူသားတိုင်း နားလည်ကြတယ်ဆိုတာပါပဲ...။ ကျေးဇူးတင်ပါတယ်လို့ပြောခံလိုက်ရလို့ပြုံးပြတဲ့အပြုံးနဲ့ ငွေရသွားလို့ပြုံးတဲ့ အပြူံးမှာတောင် ပါဝင်တဲ့ လှိုက်လှဲဝမ်းသာမှု အချိုးစားချင်းတူမယ်မထင်ပါဘူးလေ...။ ဒါကြောင့် သူငယ်ချင်းတို့ရယ်... ကျေးဇူးတင်ပါတယ်ဆိုတာလေး တခွန်းပြောလိုက်လို့.. နူသွား ဝဲမသွားပါဘူး..။
အပြုံးလေးနဲ့ပြောလိုက်ပါ.... ကျေးဇူးတင်ပါတယ် လို့...

အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...

အမတငယ် 17. 08. 2009. 8:55 PM

12 comments:

ထင်းထင်း said...

ငယ်ရေ အရမ်းမှန်တာဘဲ သိလား။
ဘာဘဲဖြစ်ဖြစ် ဘယ်လောက်ပင်ပန်းပင်ပန်း ကျေးဇူးဆိုတဲ့ စကားလေးတစ်ခွန်းက တကယ်ကို အားရှိစေတာ အမှန်ဘဲ။
လူတိုင်း လူတိုင်းလဲ အကျင့်လုပ်ထားသင့်တဲ့ စကားလုံးလေးပါဘဲ။

ဝက်ဝံလေး said...

ဟုတ်တယ် ငယ် ရေ ကျေးဇူးး ဆိုတာလေးက သိပ်အသုံးဝင်တယ် သိလား ဘယ်နေရာဖြစ်ဖြစ် ငှက်လဲ အဲလိုလေး ပြောတယ် သိလား

ငှက်ငယ်လေး said...

အသေအချာပဲပေါ့...ဘာမှမမျှောင့်လင့်ပါဘူး ရင်ထဲကပါတဲ့ ကျေးဇူးစကားတစ်ခွန်းကပိုပြီးတန်ဖိုးရှိပါတယ်....

သြော်တစ်လက်စတည်းမငယ်ရေ...လင့်သွားတဲ့အတွက်ကျေးဇူးပါပဲနော်း)

မေဇင် said...

ငယ်....နောင့် ကတော ကဆိုတော့လေ... ကျေးဇူး ဆိုတာကို ပြောဖို့ သိပ်မတတ်ခဲ့ဘူး သိလား.... မြို့မှာ ကျောင်းလာတတ်တော့မှ သူများ အရမ်း ပြောလို့ ခု နဲနဲ ပြောတတ်နေပြီ... ဟိဟိ... ခုတော့ ပိုပြောတတ်ဖို့ ကြိုးစားမယ်...။

ကာရံဆူး said...

ငယ်ရေ...ကျေးဇူး..ကာရံလည်း ကျေးဇူးဆိုတာလေးကို ပြောဖြစ်တယ်...တစ်ချို့ တွေကတော့ ကျေးဇူးဆိုတဲ့ အနက်ကိုတောင် မသိပဲ ကျေးစွတ်တဲ့သူတွေ တစ်ပုံကြီးပါ..သူတို့ တွေ ကျေးဇူးတရားနားလည်ကြရင် သိပ်ကောင်းမှာပဲ...

မောင်နွေသစ် said...

အင်း...ဟုတ်တယ်..ငယ်
ကျွန်တော်တို့လဲ...တစ်ခါတစ်လေမှာ မေ့နေတက်တယ်
ဒီမှာ စရောက်စက သူတို့လူမျိုးတွေက ဈေးသည်နဲ့ဈေးဝယ် ဈေးဝယ်သူက ကျေးဇူးတင်ပါတယ် ပြောလို့ အံ့သြမိသေးတာ..နောက်တော့မှ နားလည်သွားတာ .....
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်...
ပျော်ရွှင်ပါစေ...ငယ်...

မြစ်ကျိုးအင်း said...

ဒီပို့စ်လေးကိုဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်..။

သားကြီး said...

အပြုံးနဲ့ပဲ အားလုံးကိုကြိုးစားပြောပြနေပါတယ်
“ကျေးဇူးနော်”ဆိုပြီးတော့
လူ့ဘူဇွာတွေဆိုတာက တယ်လည်းနားလည်ရ
ခက်တာကိုးဗျ

အိန္ဒြာ said...

သိပ်ချစ်စရာကောင်းတဲ့ ဘလော့လေးဆီအလည်ရောက်လာပါတယ်..

ညီ မ ငယ် ရေ..

Anonymous said...

လည်လည်လာသွားတယ်ဗျာ။

မောင်လုလင် said...

အစ်မရေ ကျွန်တော် အရင် က ဒီပိုစ့်ကို ဖတ်ပြီးတော့ မန့်ဖို့မေ့သွားတာ .. အခု အဲလာလေး ကောင်းလို့ပြန်လာဖတ်တာပါ ... ဒုတိယံပ္မိ ပေါ့ ..

ဖြိုးငယ် said...

အခုလို ပြန်လည်မျှဝေပေးတာကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ ... ကျွန်တော်လည်း forward mail
ဆို မဖတ်တာများပါတယ် .. ဘာတွေမှန်းမသိလို့ပါ ..
အခုလို စိတ်ဝင်စားစရာ ၊ မှတ်သားစရာကောင်းတဲ့
စာမျိုးလေးဆိုပြီး ပြန်တင်ပေးလို့ ဖတ်ရတဲ့အတွက်
ကျေးဇူးတင်ပါတယ် ... ငယ် ရေးသွားတာလည်း မှန်ပါတယ် .. တကယ်တော့ ကျေးဇူးဆိုတဲ့ စကားဟာ
ပြောရလွယ်သလောက် တန်ဖိုးတကယ့်ကိုရှိပြီး
လက်ခံရရှိတဲ့သူအတွက်လည်း မဖော်ပြတက်တဲ့
ကျေနပ်မှုကိုရရှိစေပါတယ် .. နောက်ဆုံး ကျေးဇူး ဆိုတဲ့
စကားကြောင့်နဲ့ အမုန်းပွားတယ် ဆိုတာတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလေ .. ဒီမှာလဲ တော်တော်သုံး
ကြပါတယ် .. ကောင်းမွန်တဲ့ အလေ့အထ တစ်ခုလို့လည်း ကျွန်တော်ယူဆပါတယ်ဗျာ ..

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner