နောက်ဆုံးတော့......

'ငယ်ရေ... ငယ်.. အိမ်ကဖုန်းလာတယ်...'
'ဟုတ် မ.. လာပြီရှင့်...'

ပြန်အော်ရင်း အဆောင်အောက် ဖုန်း ရှိရာကို အပြေးဆင်းလာခဲ့တယ်.. စာမေးပွဲနီးပြီမို့ တနှစ်လုံး ပစ်ထားသမျှ အခုမှ စာက စ လုံးရေ စ ပဲရှိသေးတယ်။ ဒီလိုအချိန်ဆို ကော်ဖီမစ် နှစ်ထုပ်ပူးကို ရေနွေးခွက်တဝက်နဲ့ ဖျော်သောက်လည်း ငယ့် မျက်လုံးတွေက မြေကြီးရဲ့ ဆွဲအားကို ဘယ်လိုမှ မလွန်ဆန်နိုင်ဘူးလေ..။ ကော်ဖီသောက်တာ အကြောင်းပြပြီး စကားတွေ ပြောနေတုန်းက မျက်လုံးက အကောင်း...။ စာအုပ်နဲ့ပြန်တွေ့လိုက်ရင် ဘယ်လိုဖြစ်လို့ မှေးမှေးသွားမှန်းမသိ။ ခုလည်း အိပ်ချင်လာလို့ ကော်ဖီဖျော်သောက်ရကောင်းမလား စဉ်းစားတုန်း မေ့ဖုန်းလာတာလေ..။ ငယ် စာမေးပွဲနီးနေချိန်ဆို.. အနားမှာ ရှိနေသလို မေမေက တဂွမ်ဂွမ် ဖုန်းဆက်တတ်ပါတယ်..။ မေ မဆက်လည်း ငယ်က တဂွမ်ဂွမ် ဆက်နေတာကိုး..။

'ဟယ်လို မေကြီး..'
'အေး.. သမီးလေး စာတွေရပြီလား..'
'မေ့မီးပဲ.. ဟာဟ အေးဆေးပါမေရယ်...'
'အမလေး ဟုတ်ပါ့ရှင်... နေရောကောင်းရဲ့လား.. အန်နာဗွန် စီ ရော သေချာသောက်ရဲ့လား'
'ဟုတ်.. သောက်ပါတယ် မေကြီးရဲ့.. နေလည်းကောင်းတယ်.. မေရော.. နေကောင်းရဲ့လား..'
'မေမေ့ကို မပူနဲ့ မေမေက နေကောင်းတယ်... သမီးသာ စာသေချာကျက် နေကောင်းအောင်နေ..'
'ဟုတ်.. ဖေကြီးရော.. '
'သမီးဖေဖေက ခရီးသွားနေတယ်သမီးရဲ့.. ဖေဖေရော မေမေရော နေကောင်းတယ်..။ သမီးကို ပြောမလို့..'
'ဟုတ် မေ..'
'စာမေးပွဲနောက်ဆုံးနေ့ကျ မေမေတို့လာကြိုမယ်.. ပြီးရင် မန္တလေး ကို ဆက်သွားမယ်... ဘယ်လိုလဲ'
'ဟေး............... ဒါမှ ငယ့်မေမေကွ..'
'သြော် သြော်... သိပ်မသွားချင်ဘူးထင်တယ်..'
'ဟဲ ဟဲ.. သြော် မေ....'

နေနိုင်ရော... ဘယ်လိုနေလဲ... ဘာတွေဖြစ်နေလဲ.. ဘာတွေလုပ်နေလဲ.. မေ့ ကိုမေးလိုက်ရရင် ကောင်းမလား..။ မေကြီးက သူ့အကြောင်းကို မလိုအပ်ပဲ မေးတာ သိပ်မကြိုက်ဘူးလေ..။ ဘယ်လိုစမေးရင် ကောင်းမလဲ..။

'အင်း ပြောလေ သမီး..'
'သြော်...ဟုတ်... ဘာမှဟုတ်ဘူး မေကြီး.. ငယ့်ကို မပူနဲ့လို့.. ငယ်စာကြိုးစားနေပါတယ်လို့...'
'ဟုတ်ပါပြီရှင် မေ့သမီးက လိမ္မာပြီးသားဆိုတာ မေသိတာပေါ့..'
'ဟုတ် ...'
'အေး ဒါဆို ဒါပဲလေ သမီး.. မေမေ လူနာတွေရောက်နေလို့ မနက်ဖြန်မှထပ်ဆက်လိုက်မယ်နော်...'
'ဟုတ်...မေ.. ဒါဆို တာ့တာ'

*****

'ဟေး... ကျွတ်ပြီ လွတ်ပြီ ကွ..'

အချိန်စေ့ဘဲလ်သံနဲ့အတူ ပြိုဆင်းလာတဲ့ ကျောင်းသားထုတွေကြားမှာ ငယ်တို့သူငယ်ချင်းတွေလည်းအတူတူပေါ့...။ စာမေးပွဲဆိုတာကြီးပြီးသွားလို့ ပျော်တဲ့အပျော်ရယ် ဘယ်တော့မှ ပြန်ဆုံဖြစ်မှာမှန်းမသိတော့တဲ့ သူငယ်ချင်းတွေနဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိကြောင့်ဝမ်းနည်းတဲ့စိတ်ရယ် ရောနေတဲ့ ခံစားချက်ကြီးက ဘယ်လိုမှန်းကို မသိတာပါ..။

'ဟဲ့.. ငါ ငိုချင်တယ်ဟာ'

ရုတ်တရက် ပြောချလိုက်တဲ့ ချောရဲ့ စကားကြောင့် ငယ်တို့တွေ အသံတိတ်သွားကြတယ်။ ရုတ်တရက်မတိုင်ပင်ပဲ ကျောင်းကြီးကို ပြိုင်တူပြန်လှည့်ကြည့်မိတော့ ကျောင်းကြီးကတော့ ငယ်တို့ကို နှုတ်ဆက်ကြည့်နဲ့ပဲ ကြည့်နေသလိုလို...။ အလိုမတူပဲ ခွဲခွာရခြင်းတွေ မရှိရင် ဒီကမ္ဘာကြီးက ဘယ်လောက်ပျော်ဖို့ကောင်းလိုက်မလဲလေ..။ ဆုံဆည်းခြင်းဆိုတာ ခွဲခွာဖို့ အကြောင်းရင်းဆိုတာ သိထားပေမယ့် ခုထိ ခံနိုင်ရည် မရှိသေးတာ ငယ်ပဲ မရင့်ကျက်သေးတာလား.. ။

'နင်ကလည်းဟာ... ဖုန်းဆက်လို့ရတာပဲကို.. ဘာဖြစ်နေတာလဲ... နင်သာငါတို့ကို ဖုန်းဆက်ဖို့မပျင်းနဲ့..'
'အင်.. နင်တို့နဲ့ခွဲရမှာမို့လို့ ငိုချင်တယ်လို့ပြောလို့လား.. ဟိုမှာတွေ့ဘူးလား အဟင့်.. ငါတို့ရဲ့ king လေး.. သီဟ .. အဟင့်.. သူ့မျက်နှာလေးကို တွေ့ခွင့်လေး မရှိတော့လို့ ငိုချင်တာ..'
'အစုတ်ပလုတ်မ.. '

ငယ်အပါအဝင် ကျန်တဲ့သူငယ်ချင်းတွေအကုန် ဒင်းကို ဝိုင်း ဗျင်းကြရင်း ရီသံတွေဆူညံသွားတယ်..။ ဒါ တက္ကသိုလ်ကျောင်းသူဘဝလေးရဲ့နောက်ဆုံးထွက်သက်ပဲ ထင်ပါရဲ့...။

*****
ပျော်ရွှင်ချင်ယောင်ဆောင်နေတဲ့သူငယ်ချင်းတွေ မျက်နှာကို မြင်ရတာ ငယ် ဝမ်းနည်းလိုက်တာ... ။ ငယ် အမုန်းဆုံးက ငယ် ချစ်တဲ့သူတွေနဲ့ ခွဲခွာရချိန်လေ။ အဲ့တာထက်ပိုမုန်းတာက ခွဲကြတဲ့အချိန်မှာ ကျန်နေခဲ့ရတဲ့အဖြစ်ပါ..။ ငယ် ဘယ်တော့မှ ကျန်ခဲ့ရတဲ့လူ မဖြစ်ချင်ဘူး..။ အဆောင်ပြန်ရောက်တော့ မေ တို့ ရောက်နှင့်နေပြီလေ...။ အိမ်က ကားကို မြင်လိုက်တာနဲ့ ချက်ချင်းသဘောပေါက်သွားတဲ့ သူငယ်ချင်းတွေက မျက်နှာတွေပျက်သွားကြပါတယ်...။ ငယ် စာမေးပွဲပြီးပြီးချင်း မေတို့လာခေါ်မယ်လို့ ငယ် သူတို့ကို ပြောမထားခဲ့ပါဘူး..။ စိတ်မကောင်းဖြစ်မှာစိုးလို့ပါ။ ခုတော့လည်း မထူးပါဘူးလေ။ သူတို့ နည်းနည်းတိတ်သွားကြတော့ ငယ်လည်းငိုချင်လာတယ်..။

'မိငယ်.. နင်က အဲ့လိုလား..'
'အာ... မဟုတ်ပါဘူးဟာ ချောရာ.. တကယ်ပါ.. ငါတို့မန္တလေး ဆက်သွားမှာ.. ဖေကြီး ခွင့်ရက်က အကုန်ကွက်တိတွေ ဖြစ်နေလို့ပါဟာ.. ငါ နင်တို့စောစောသိရရင် စောစောစိတ်မကောင်းဖြစ်ပြီး ငါတို့ရဲ့တက္ကသိုလ်ကျောင်းသူဘဝ နောက်ဆုံးအချိန်လေးတွေကို လွတ်လွတ်လပ်လပ် မပျော်ရမှာစိုးလို့ပါဟာ..'
'အေးပါ ဟုတ်ပါတယ် ချောရယ် နင်ကလည်း ငယ် စိတ်မကောင်းအောင် မလုပ်ပါနဲ့တော့.. ငါတို့ မဟုတ်လဲ ခွဲရမှာပဲကို.. '

ငယ့်အသံတွေ တုန်လာတော့ မွန် က ဝင်ပြောပေးရင်း ချော ကို နှစ်သိမ့်လိုက်တယ်..။ လွယ်အိတ်တွေချပြီး ငယ့်ကို ပစ္စည်းတွေကူသိမ်းပေးရင်း ဒီဟာက ယူမှာလား ဟိုဟာက ဘယ်ထဲထည့်မှာလဲဆိုတာထက် ဘာမှ ပိုမပြောကြတော့ ငယ် ပိုဝမ်းနည်းလာသလိုပဲလေ..။ ငယ့်ပစ္စည်းတွေ အကုန်လုံး ကားပေါ်တင်အပြီးမှာတော့ ငယ်တို့မလိုချင်ဆုံး တကယ်ခွဲခွာရချိန် ကိုရောက်လာခဲ့ပါတယ်..။ ဒါပေမယ့် ချစ်ဖို့ကောင်းတဲ့ ငယ့်သူငယ်ချင်းတွေက ငယ် ဝမ်းနည်းလွယ်တာကိုသိနေတဲ့အတွက် ဟာသတွေပြောရင်း စရင်းနောက်ရင်း လက်ပြ ကျန်ခဲ့ကြပါတယ်..။ တဖြည်းဖြည်းဝေး သွားတဲ့ ငယ်တို့ကားလေးကို လေးယောက်သား ဖက်ရင်းရပ်ကြည့်ကျန်နေခဲ့တဲ့ မြင်ကွင်းက ငယ့် တသက် ဘယ်လိုမေ့ရက်ပါတော့မလဲ သူငယ်ချင်းတို့ရယ်...။ ငါ ကျန်ခဲ့ရတဲ့သူ ဖြစ်မှာကြောက်လို့ အရင်ဆုံးခွဲထွက်လာခဲ့တာပါ... ။ တချိန်ချိန်မှာ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ် သူငယ်ချင်းတို့ရယ်..။

*****
'မေကြီး... သမီးငယ်ကို ပြောပြလိုက်လေ'
'အော် ပြောမှာပါ ဖေကြီးရယ်... နေပါဦး'

အင် မေတို့ဘာတွေပြောနေတာလဲ...

'ဘာလဲဟင် မေကြီး...'
'သြော်... ဘာမှမဟုတ်ပါဘူး သမီးရယ်... နေနိုင့်အကြောင်းပါ...'

ဟင်... နေနိုင်.. ဘာဖြစ်လို့လဲ.. နေနိုင်ဘာဖြစ်လို့လဲ... ငယ် အသက်ရှုမဝတော့ဘူး.. ဘယ်လိုမှအသက်ရှုလို့မရတော့ဘူးလေ..

'မေ.. မှန်နည်းနည်းချပေး...'
'ဟင်.. မူးလို့လား သမီး..'
'မဟုတ်ပါဘူး.. လေ ရှုချင်လို့..'

ဒါပေမယ့် နေနိုင့်အကြောင်းလည်း သိချင်သေးတယ်...။ ဘာတွေဖြစ်နေလို့လဲ ချစ်သူရယ်...။ ငယ် စိတ်ပူလို့ပါ..။

'မေ.. နေနိုင် ဘာဖြစ်လို့လဲ...'
'မပြောချင်ပါဘူးသမီးရယ်... မေမေတို့ ဒီမလာခင်လေးတင်လေ.. ဆေးထိုးတာမိသွားလို့ အဖမ်းခံရတယ်လေ..'
'ဟင်...'

မှောင်သွားတယ်... ရုတ်တရက် မှောင်အတိကျသွားတယ် ထင်တာပဲ...။ ပြီးတော့ မွန်းလာတယ်.. ။ ငယ်.. အသက်ဘယ်လိုမှ ရှုလို့မရတော့ဘူး..။ ရက်စက်လိုက်တာ..။ ရက်စက်လိုက်တာ..။ နင် တော်တော်ရက်စက်တာပဲ ချစ်သူရယ်...။ နင် င့ါကို ဘာချစ်တာလဲ...။ ဘာချစ်တာလဲ..။ နင်ငါ့ကိုချစ်တယ်ဆိုတာ ဘာလဲ..။ နင့်အတ္တကိုနင်ချစ်တာ..။ နင် ငါ့ကို ချစ်တာမှမဟုတ်တာ..။ နင့်ကိုယ်နင်ချစ်တာ..။ နင့်အတ္တတွေကိုနင်ချစ်တာ..။ နင့်ကိုငါချစ်တယ်ဆိုတဲ့ နင်ပြောနေကြစကားက ငါ့ကိုပြောတာမှ မဟုတ်ပဲ။ နင့်ကိုယ်နင် ပြန်ပြောနေတာပဲ..။ နင့်ကိုယ်နင်ထက် င့ါကို ပိုမချစ်ခဲ့ပါလား ချစ်သူရယ်...။

'သမီးငယ်... ဘာဖြစ်လို့လဲ..'
'ရှင်..ဘာဖြစ်လို့လဲ မေမေ'
'သိဘူးလေ.. ငိုနေတာလားလို့..'

ငယ် ရှိုက်လိုက်မိလား.. မသေချာဘူး..။ မသေချာဘူးဆိုတာထက် မသိလိုက်ဘူး။

'ဟုတ်ပါဘူး... '

ငယ် ညာလိုက်တယ်။ ငယ် မေ့ကို ဒီတခါပဲညာပါရစေမေမေရယ်...။

လမ်းဘေးမှာ နေကြာခင်းတွေ...။ ငယ်ကြားဖူးတဲ့ ပုံပြင်ထဲမှာတော့ ပြန်လာမယ်လို့ပြောခဲ့တဲ့ ချစ်သူနေနတ်သားလေးကို နေထွက်နေဝင် တနေကုန်တဲ့အထိ လိုက်ကြည့်နေရင်း ပန်းလေးဖြစ်သွားတဲ့ကောင်မလေးကို အကြောင်းပြုပြီး အဲ့ဒီပန်းလေးကို နေကြာပန်း (sunflower )လို့ ခေါ်တာတဲ့..။ နေကြာပန်းလေးရေ... မင်းမော့ကြည့်နေတဲ့ နေနတ်သားလေးက မင်းကို မချစ်ပါဘူးကွာ... ။ မင်းကသာ သူ့စထွက်ချိန်ကနေ သူပျောက်ကွယ်သွားချိန်ထိ မျက်တောင်မခတ်ပဲ တစိမ့်စိမ့်ကြည့်ရင်း ချစ်နေပေမယ့်.. သူက သူ့ကိုယ်သူထက် ဘယ်သူ့ကိုမှ ပိုမချစ်ဘူး..။ သူ့ကိုယ်သူထက် ဘယ်သူ့မှ ပို မ ချစ် ဘူး....။

*****
အဆုံးတခုဖြစ်သွားတဲ့အစ

'ဟဲ့.. မိငယ်.. ဟဲ့'
'ဟင်..'
'အမလေး ဒေါ်ဒေါ်ငယ်... ကျွန်မ အသက်ထွက်တော့မယ် ခေါ်နေတာ..'
'အော.. အင်း .. ပြော..'
'အင်.. ပြော တဲ့.. ငါမေးနေတာလေ.. နင့်ကို မေးနေတာ.'
'ဟင်.. သြော်.. အင်း..'
'ဟာ... မိငယ်.. အောတွေရော အင်းတွေရော.. ငါ စိတ်ရှည်လာပြီ နင့်ကို..'

ကြားထဲကနေ ထက်ထက်ကဝင်ပြီး..

'အာ... မိယဉ်မွန်.. နင်လေ.. ကလေးလည်း တစ်ယောက်ရနေပြီ.. အလိုက်ကမ်းဆိုးကိုမသိဘူး..'
'အမ်.. ဘလိုင်းကြီး ပြောပြန်ပြီ.. ဘာမှလည်းမဆိုင်ဘူး..'
'အေး.. ဒါဆိုလည်း ပြန်မယ်..'
'အင် .. ဘာမှလည်းမဆိုင်ဘူး..'
'ဆိုင်တယ် မိငယ် မေမေ စိတ်ပူနေလိမ့်မယ်.. နင်လည်း ကလေးကို ယောက်ျားနဲ့ထားခဲ့ပြီး အပျိုလုပ်မနေနဲ့.. နင် ယောက်ျားကြီးနဲ့မှန်း တမြို့လုံးသိတယ်...'
'အင်.. ထုပြန်ပြီ.. ဘလိုင်းကြီး..'
'ဟား ဟား ဟား....'

ငယ်တို့ အကြော်ဆိုင်လေးက ပြန်တော့ နည်းနည်းတောင် မှောင်နေပြီ.. ကျောင်းပြီးကတည်းက ရန်ကုန်မှာပဲ နေပြီး သင်တန်းတွေ တက်ရင်းအလုပ်လုပ်နေခဲ့တာ ဘာလိုလိုနဲ့ ဆယ်စုနှစ် တဝက်စာတောင် ရောက်မှန်းမသိ ရောက်သွားခဲ့ပြီ။ ငယ် ဒီမြို့လေးကို ပြန်မရောက်ဖြစ်တာ ၅ နှစ်တောင်ရှိသွားပေမယ့်.. တိုက်တွေ ဆိုင်ခန်းလေးတွေ နည်းနည်း ပိုတိုးလာတာက လွဲလို့ဘာမှမပြောင်းလဲသေးဘူးလေ...။ တစ်စုံတစ်ယောက် မရှိတော့တာ တခုပဲလေ..

'ငယ်..'
'အင်း ပြော.. ထက်'
'နင်.. နေနိုင်ဘယ်တော့ပြန်လွတ်မှာလဲ သိလား..'
'ဟင့်အင်း မသိဘူး... '
'အင်း.. ထားလိုက်ပါတော့ဟာ.. ငါလည်း မေးကြည့်တာပါ.. ခုနက ယဉ်မွန်နင့်ကို နေနိုင်အကြောင်းမေးတာ နဲ့ သတိရသွားလို့ပါ... ဒါနဲ့ နင် ဂျပန်ကိုကျောင်းသွားတက်မယ့်ကိစ္စကရော'
'အင်း.. နောက် ၂ လလောက်နေရင် ကျောင်းဖွင့်ပြီလေ..'
''ဒါဆို နင် နောက်နှစ်လဆို သွားပြီပေါ့..'
'အင်း.. '
'အင်း ကောင်းတယ်.. ငါတို့ကိုတော့မေ့မသွားနဲ့နော်..'
'အာ.. နင်ကလည်း.. မေ့စရာလား.. ဒီမြေမှာ..ငါ့တစ်ဘဝစာ အမှတ်တရတွေချည်းပါပဲ သူငယ်ချင်းရယ်..'

ဘယ်တော့မှ ကျန်နေခဲ့သူ မဖြစ်ချင်ခဲ့တဲ့ငယ်....
ခုလည်း ငယ့်ကို ထွက်သွားခွင့်ပြုပါ မြို့လေးနဲ့ တစုံတယောက် ရယ်......။



ပြီးပါပြီ။

အမတငယ်
၇ သြဂုတ် ၂၀၀၉ 1:30 PM

6 comments:

ဇီးကုန်းသာယာ said...

ဟင့်... မျက်ရည်တွေကို အတောင့်လိုက် ထွက်ချင်ချင်ပါပဲ ငယ်လေးရယ်... ဟင့်
ငါ့သယ်ရင်းလေး ငိုနဲ့နော်... တိတ်တိတ်... နင့်မျက်ရည် မြေမကျကောင်း ဘူးလေ.. သိတယ်မလား (ဟီဟိ)... တကယ်ပြောပါတော့မယ်..... ရေးထားတာရေလည်ကောင်းပါတယ်... အရမ်းဖတ်လို့ အားရပါတယ်...
ကြိုးစားပါ တပည့်မလေး... :)

မေဇင် said...

နေနိုင် ကလဲကွယ်.... မိုက်တယ်... ငယ် ရေ.... နောင့် လဲ ငယ်စဉ်အချိန် ကအဲ့လို ကောင်လေးမျိုး နဲ့တွေ့ဖူးပါတယ်ကွယ်....၊ ခံစားရလဲ ခဏပါပဲ..ခုတော့ ကိုယ့်ဘ၀ နဲ့ ကိုယ် ပျော်လို့ပါ... ငယ် ရော...

သုည said...
This comment has been removed by the author.
သုည said...

တကယ်ကိုကောင်းတယ်..နာတောင်ဖတ်ရင်း ၀မ်းနည်းတွားဘီ

အဟင့် ရွှတ် ..ဖတ်...

ကြိုးစားပါ ချစ်တပည့် ..ဒီအတိုင်းဆိုတက်လမ်းတွေရှိတယ်..။

ဆက်ရေးဦးနော်..အားပေးနေတယ်..

အာဂျာအာဂျာ..ဖိုက်တင်....ဂျစ်ရေ.....

ဝက်ဝံလေး said...

ငယ်ရေ ဘာပြောရမှန်းတောင် မသိပါဘူးကွယ် မိုက်လိုက်တာ နေနိုင်ရာ လို့ပဲ ပြောချင်တယ် အခုရော သူဆေးပြတ်ပီလား အယ် ဆော်တီး အဆက်အသွယ် မရတော့ဘူးထင်တယ်နော်

ဖတ်ပြီးရင်ထဲမကောင်းဘူး ကွယ်

အလာနောက်ကျတာခွင့်လွှတ်နော် သိလား

ဘိုင်

လူရိုင်းလေး said...

နေနိုင်က ထောင်ထဲမှာ ဘာဖြစ်သွားလဲဟင်။ ဒီတစ်ခါ စာလာဖတ်တာ နောက်ကျသွားတယ်။

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner