အခန်း ၅။


ဘာလိုလိုနဲ့ ငယ်တောင် ကျောင်းပြီးတော့မယ်လေ...။ ခုဆို နောက်ဆုံးနှစ် ဒုတိယ နှစ်ဝက်ပြန်တက်ရတော့မယ်..။ ငယ်တို့သူငယ်ချင်း ၅ ယောက် အုပ်စုမှာ ဘယ်သူမှ ကျောင်းမှာ ရည်းစားမထားကြဘူး..။ စ နောက် ပျော်ရွှင် ရင်းနဲ့ပဲ အချိန်ကုန်ကြရအောင်လို့ တိုင်ပင်မထားကြပေမယ့် ကျောင်းမတက်ခင်ကတည်းက ရည်းစားရနှင့်တဲ့ အေးခိုင် တယောက်ပဲ ရည်းစားရှိတာ..။ ငယ်တို့ကျန်တဲ့လေးယောက်က စနောက် တာကလွဲလို့ တကယ် အတည် ရည်းစားစကား လာပြောရင် ရှောင်တတ်ကြပါတယ်..။ ဝုန်းဒိုင်းဝုန်းဒိုင်း လျှောက်လည်မယ်၊ မုန့်စားမယ်၊ စမယ်၊ နောက်မယ် ဆိုတာကလွဲလို့ တက္ကသိုလ်ကျောင်းသူဘဝကို ရည်းစားကြီးနဲ့ အချိန်ကုန် မခံချင်ကြဘူးလေ..။ ခုတော့ သူငယ်ချင်းတွေနဲ့ ခွဲရတော့မယ်လေ..နောက်လေးလ ကျောင်းတက်ပြီးရင်....။

'ငယ်..'
'အမလေး.. လန့်လိုက်တာ နေနိုင်ရယ်..'

သူငယ်ချင်းတွေနဲ့ ကျောင်းအကြောင်းတောင်စဉ်ရေမရ လျှောက်တွေးနေတုန်း ဒန်းဘေးနားကို နေနိုင်က ဘယ်တုန်းကရောက်နေမှန်းမသိဘူးလေ..။ ဒါကြောင့် သူ့ ခေါင်းလိမ်းဆီနံ့တော့ ရလိုက်သလိုလို ထင်သား... ။ သူက တခါတလေ အဲ့လိုပဲ..။ ငယ်က သူရောက်လာတာကို အမှတ်တမဲ့နဲ့ မသိရင် မခေါ်ပဲ ကြာကြာ ကြည့်နေသေးတာ...။ သူရှိမှန်းသိရင် ငယ့် ကိုယ်ပိုင်အမူအရာလေးတွေ တချက်တချက် ပျောက်ပျောက်သွားလို့တဲ့...။ ငယ်ကတော့သိပါဘူး...။ သူ့လိုတရားဝင်ကြည့်ခွင့်မရတဲ့သူဆိုတော့.. သူတခါတလေ ဇတ်လမ်းမှာ စိတ်ဝင်တစားကြည့်နေရင်၊ မေ နဲ့ စကားပြောနေရင်၊ ငယ့်ကို စကားပြောရင် အဝေးကို ငေးနေရင် ခိုးကြည့်နေရင်းနဲ့ပဲ ချစ်နေရတယ်လေ..။ ငယ့်အချစ်တွေကို မပေးသေးတာ ငယ့်ကို မငြိုငြင်ပါနဲ့ချစ်သူရယ်...။

'အမလေးဗျာ... လန့်ရလောက်အောင် ဘာတွေ စဉ်းစားနေလို့လဲ.. ဘာလဲ ကျောင်းမှာကျန်ခဲ့တဲ့ ချစ်ချစ် အကြောင်းလား..'
'အာ... နင်ကလည်း သိရက်သားနဲ့ .. ငါ ကျောင်းမှာ ရည်းစားမှမရှိတာ..'
'အေးပါ.. ။ ငယ်'
'ဘာလဲ ဟ.. ပြော..'
'နင် မပြန်ခင် ငါ့ကို စိတ်ချမ်းသာအောင်ပြောခဲ့ပါလား.. ဟာ'
'အာ.... နင်ကလည်း'
'ဟုတ်တယ်လေ.. နင်ဘာလို့ငါ့ကို အဖြေပြန်မပေးသေးလဲ ငါသိပါတယ်..'
'ဘာလို့တုန်း..'
'နင် အန်တီ့ကို ကြောက်နေတာ မဟုတ်လား..'
'မေမေ့ကို ငါကြောက်တယ် ဆိုတာထက် ချစ်တာ... ချစ်လို့ မေမေ စိတ်ညစ်မယ့်ဟာမျိုး မလုပ်ချင်ဘူး.. ငါ့ဘဝမှာ မေမေထက် ဘာမှပိုအရေးမကြီးဘူး..'
'အင်း.. ငါသိပါတယ်..'
'နင်မသိပါဘူးဟာ.. နင် ငါ့ကိုနားမလည်ပါဘူး...'
'နားလည်ပါတယ်.. ငါသိတယ်.. ငါ နင့်ကို အကုန်သိတယ်.. နင့်မေမေတို့ထက် နင့်ကိုနားလည်တယ်...'

နားလည်ရက်သားနဲ့များနေနိုင်ရယ်...။ ငါ့ကိုနားလည်ရက်သားနဲ့များ... ။ ငါ ငါ့ရင်ခုန်သံတွေကို ဖွက်ထားဖို့ ဘယ်လောက်ခက်ခဲခဲ့လဲသိလား..။ နင်ငါ့ကို တခါချစ်တယ်ပြောတိုင်း ငါ လည်းနင့်ကို ချစ်တယ်ဆိုတဲ့ စကား ငါ့ ပါးစပ်ကထွက်မသွားအောင် ငါဘယ်လောက်ချုပ်ထိန်းခဲ့ရလဲ နင်သိလား..။ နင့် ခြေသံလေး ကြားရုံနဲ့ ငါ့ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲရလောက်အောင် နင့်ကိုငါရူးခဲ့တာ.. နင်တစ်နေ့တစ်ရုပ်လာပေးတဲ့ စက္ကုကြိုးကြာတွေ ငါ့ယွန်းဘူးလေးထဲမှာ အထပ်လိုက်ရှိနေခဲ့တာ..၊ နင်ငါ့အတွက်ရေးပေးခဲ့တဲ့ကဗျာတွေ ငါ့အမြတ်တနိုးနဲ့ အိပ်ရာဝင်တိုင်းဖတ်ခဲ့ရတာ.. ၊ မိုးရွာတဲ့နေ့ နင်မရှိလို့ နင့်အင်္ကျီတွေကို မေမေ ရုတ်သိမ်းပေးထားခဲ့တုန်းက ဘယ်သူမှမသိခင် နင့်နှလုံးသားနဲ့ အနီးဆုံးမှာရှိနေမယ့် နင့်အင်္ကျီနေရာလေးကို ငါခိုးနမ်းခဲ့ရတာ.. နင်သိခဲ့လား.. နင်သိခဲ့ရဲ့လား...။ နင် ငါ့ကိုနားလည်တယ်ဆိုတာ ဘာနားလည်တာလဲ..။ ငါချစ်နေတာ တစ်ခုတည်းကိုနားလည်တာနဲ့တော့ နင်ငါ့ကို နားလည်တယ်လို့ မပြောပါနဲ့ချစ်သူရယ်...။ ငါ နင့်ကိုဘာဖြစ်စေချင်လဲဆိုတာ သိပါတယ်ဆိုတဲ့နင်က ဘာလို့ ငါဖြစ်စေချင်သလို မကြိုးစားတာလဲ..။ ကျောင်းဆက်တက်ဖို့ထက် ငွေရှာဖို့ပဲစိတ်အားသန်ခဲ့တဲ့နင့်ကို ငါ့ကိုနားလည်တယ်လို့ ငါဘယ်လို ယုံကြည်ရမလဲ...။ ငွေကြေးထက် ပညာရေးကို ပိုတန်ဖိုးထားတဲ့မေမေတို့ရဲ့ သဘောထားကိုလည်း နင်သိတယ်လို့ ငါ့ကိုပြောဖူးတယ်နော်..။ အားလုံးကိုသိနေရဲ့သားနဲ့ ငါ့အတွက် ဒါလေးတခုကို မကြိုးစားပေးတဲ့နင့်ကို ငါဘယ်လိုနားလည်ရမလဲ...။ ငါက ငါ့ချစ်သူကို တလေးတစားမော့ကြည့်ပြီး ချစ်တယ်လို့ ပြောချင်ခဲ့တာ..။ ငါပြောစရာမလိုပဲ ငါ့အတွက် ငါ့မိဘတွေ သဘောတူကြည်ဖြူမှုကို ရအောင်ယူနိုင်ခဲ့တဲ့ ငါ့ချစ်သူလို့ ငါ အမြတ်တနိုးချစ်ချင်ခဲ့တာ..။ ငါ အရမ်းလောဘကြီးသွားလား..။ ငါ လောဘကြီးသွားခဲ့တယ်ဆိုရင်လည်း အဲ့တာ နင့်အတွက်ပါ ချစ်သူရယ်...။ နင့်ကို အထင်သေး နှာခေါင်းရှုံ့နေကြတဲ့ လူတွေရဲ့ မျက်လုံးတွေ အလန့်တကြားအရောင်ပြောင်းသွားလောက်အောင် နင့်ကို ခေါင်းမော့နေစေချင်လို့ပါ...။ ငါ့ကို ချစ်တဲ့စိတ်နဲ့ ငါ့အချစ်ကို လိုချင်တဲ့စိတ်ကို နှင်တံလုပ်ပြီး နင့်ဘဝကို အမြင့်ဆုံးရောက်အောင် မောင်းနှင်စေချင်တာ ငါ့ အဖြုရောင်စေတနာပါ ချစ်သူရယ်...။ သူများတွေ အမြင်မှာ ငါက နင့်ဘဝကိုမြှင့်ပေးတဲ့သူ မဖြစ်ချင်ဘူး..။ ငါ ကူမှ ထူမတ်နိင်ရရှာတယ် လို့ နင့်ကို မမြင်စေချင်ဘူး ချစ်သူရယ်...။ နင့်ရဲ့ ကြိုးစားမှု အတွက် ပေးဖို့ဆု ငါ့ဆီမှာ အဆင်သင့်ရှိပြီးသားပါ...။ အဲ့ဒီအချိန်ထိ မေမေတို့ သဘောမတူဘူးဆိုရင်တောင်.. နင် ခေါ်ရာ ငါလိုက်ခဲ့ဖို့အထိ ဆုံးဖြတ်ခဲ့ပြီးသားပါ ချစ်သူရယ်...။

*****

နက်ဖြန်ဆို ကျောင်းပြန်သွားတက်ရတော့မယ်...။ ဒီတစ်ခေါက်ကျောင်းတက်ပြီးရင် ငယ် တောင် ဘွဲ့ရတော့မယ်... ။ အချိန်တွေက ကုန်လွယ်လိုက်တာ...။ ငယ့်ကိုယ်ငယ် မေ့ရင်ခွင်ထဲမှာ မေ့သီချင်းသံနားထောင်ရင်း အိပ်ပျော်သွားတဲ့ ဘဝလေးမှာတောင် မိန်းမောလို့မဝသေးဘူးလေ..။

'ငယ်..'

ခေါ်သံနဲ့အတူ လန်းဆန်းလတ်ဆတ်နေတဲ့ချစ်သူ့မျက်နှာကို မြင်လိုက်ရတာ.. ဆောင်းတွင်းညနေရဲ့ လေတွေတောင် ပိုလတ်ဆတ်သွားသလိုလို....။

'အော နေနိုင်... ဘယ်သွားမလို့လဲ မွှေးလို့ ကြိုင်လို့..'
'ဘယ်မှသွားပါဘူး.. လန်းအောင်လို့ရေချိုးလာတာ.. '
'အော.. အော'
'နင့်ကို ပြောစရာရှိလို့...'
'အင်း.. ပြော..'
'ငါ.. '
'အင် .. ပြောလေ'
'ငါ .. ဆေးပြား တွေ သုံးနေတာ'
'ဘာ.. နင် ဘာပြောလိုက်တယ်... နေနိုင်.. '

ငယ် ခေါင်းပေါ်မီးတက်လောင်သလို ခံစားလိုက်ရတယ်..။ ညနေစောင်း ဝင်ခါနီးနေက မွန်းတည့်နေဖြစ်သွားတယ်။ ငယ်များနားကြားမှားသလား.. ။ ဟုတ်ပါတယ် ငယ်နားကြားမှားတာပဲနေမှာပါ...။ ငယ့်ချစ်သူက အဲ့လောက်မမိုက်ပါဘူး..။ ငယ်နဲ့ ဝေးသထက်ဝေးမယ့်ကိစ္စ ဘယ်တော့မှမလုပ်ဘူး... ။ ငယ် သိတယ်..။

'နင်ဘာပြောလိုက်တယ်..'
'ဟုတ်တယ်.. ငယ်.. ငါ ဆေးပြားလေးတွေသုံးနေတယ်'

'ဘာပြောတယ် နေနိုင်.. နင့်ကို ငါဘာပြောထားလဲ.. နင့်ကိုငါ ဘာမှာထားလဲ..'
'အေးပါ..နင်မှာထားတာ ငါသိပါတယ်'
'ဘာ.. သိတယ် ဟုတ်လား.. သိရက်သားနဲ့လုပ်တာပေါ့.. ငါ့ကို နင် ဒီလောက်လေးတောင် အရေးမထားဘူးပေါ့..'
'မဟုတ်ဘူး.. နင်မှ ငါ့ကို ...'
'ကျွတ်.. နေနိုင်ရာ အဓိပ္ပါယ်မရှိတာတွေနဲ့ ငါ့ကို လာ အကြပ်မကိုင်နဲ့..'
'နင့်ကို အကြပ်ကိုင်တာ မဟုတ်ပါဘူး.. ငါ အဲ့တာလေးနဲ့ဆို နင်က ငါ့ဘေးမှာ ငါကြားချင်တဲ့စကားတွေပြောနေတယ်လို့ခံစားရတယ်..'
'တော်စမ်းပါ နေနိုင်ရာ.. အဓိပ္ပါယ်မရှိတာ.. နင် ဖြတ်ရင် ဖြတ်နော်.. ငါ ပြောခဲ့မယ်.. နင် ဆက်လုပ်လို့ကတော့ နင်ကြားချင်တာ ငါ့ဆီက တသက်လုံးကြားရမှာမဟုတ်ဘူး.. '
'နင် ငါ့ကို ချစ်တယ်လို့ ပြောရင်..'
'တော်တော့နေနိုင်.. နင်ငါ့ကို နားလည်တယ်ဆိုတာ ဘာနားလည်တာလဲ.. ဘာကိုနားလည်တာလဲ.. နင်ငါ့ကို ချစ်တယ်ဆိုတာဘာလဲ... ဘာချစ်တာလဲ..'

သူ ဒါန်းဘေးမှာ တစ်ယောက်တည်း ရပ်ကျန်ခဲ့တယ်...။

အဲ့ဒီနေ့ကလေ.. ငယ့်ကမ္ဘာမှာ ကောင်းကင်ပြိုခဲ့တယ်..။


*****

အမတငယ်
၎ သြဂုတ် ၂၀၀၉ 7:30 PM



ဆက်ရန်...

5 comments:

မေဇင် said...

ဟာကွာ...... ငယ်ရယ်....တစ်ဆက်ထဲရေးလိုက်ပြီးရောပဲဟာ....ဟင့်...၊ လောဘကြီးနေမိတယ်..မြန်မြန်လေး ဆက်နော်...။း)

ငှက်ကလေး said...

ဟယ် နေနိုင်ရယ် ပျော့ညံ့လှချည်လားကွယ် ကြိုးစားပါလား ဟင်းးးး ဆက်ရေးပါ ဦးနော် ဘာဖြစ်မလဲ သိပ်သိပ် သိချင်နေမိတယ်

လူရိုင်းလေး said...

ဒီတစ်ခါတော့ ၃ နဲ့ပဲ ကျေနပ်လိုက်ပါတယ်ဗျာ ဆက်ရေးပါအုံးနော် ဖတ်လို့ကောင်းတယ် ခင်မျ

ဇီးကုန်းသာယာ said...

မငိုပါနဲ့ မိငယ်ရယ်...... နင်ငိုတော့ ငါလဲ ငိုချင်တာပေါ့လို့... (ငါ့တပည့် အရေးသားကတော့ မိုက်တယ်ကွာ... ဟီဟိ) ကြိုးစားထား.. အာဂျား... :)

သုည said...

တဖြည်းဖြည်းနဲ့မိုက်လာဘီ...စိတ်ဝင်စားဖို့လည်းကောင်းလာဘီ
ကြိုးစား တပည့်ရေ..ဆရာအကုန်ကော်ပီလုပ်ဘီ ၀တ္ထုပြန်ထုတ်မလို့..:P

 
အိမ်ဝေးနှင်းဆီ ရဲ့ အတ္ထုပတ္တိ. Template Design By: SkinCorner